Myanmar Transparency News

ဝက်တင်လာတဲ့ ခြောက်ဘီးကားတစ်စီး မန္တလေး- ပြင်ဦးလွင်အဆင်းလမ်းမှာ လမ်းဘေးချောက်ထဲ အရှိန်လွန်ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ လူသုံးဦးဒဏ်ရာရရှိ

၁၁.၆.၂၀၂၅
Written by Hey Mar

ဝက်တွေတင်ဆောင်မောင်းနှင်လာတဲ့ Canda (၆) ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်မှု မန္တလေး- ပြင်ဦးလွင်လမ်း အဆင်းဘက်အခြမ်းမှာ ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါသူ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ စေတနာမွန် (အုန်းချော) လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးတိုင်း၊ မန္တလေး-ပြင်ဦးလွင်လမ်းအဆင်းဘက်အခြမ်း မိုင်တိုင် ၁၉ အနီးမှာဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူသုံးဦးအနက် ယာဉ်ရှေ့ခန်းမှ လိုက်ပါလာသူ ယာဉ်မောင်းအပါ နှစ်ဦးမှာ ကားခေါင်းခန်းအတွင်း ညပ်နေတာကြောင့် ခက်ခက်ခဲခဲ ကယ်ဆယ်ထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်း)နဲ့အတူ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး(မန္တလေးတိုင်း)၊ စေတနာမွန် ကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းကူညီကယ်ဆယ်ခဲ့ကြပြီး ဟိုက်ဒြောလစ်စနစ်သုံး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ နှစ်နာရီနီးပါးအကြာမှာတော့ လူနာတွေကို အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှ မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တဲ့ အမျိုးသားလူနာ သုံးဦးကို ထာဝရလူမှုကူညီရေးအသင်းနဲ့ သန္တိသုခလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်တွေနဲ့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News