Myanmar Transparency News

မလေးရှားကို တရားမဝင်သွားမည့် မြန်မာ ၂၉ ဦး ထိုင်းနိုင်ငံအတွင်း ယနေ့ ဖမ်းဆီးခံရ

၁၂.၆.၂၀၂၅
Written By Zun

မလေးရှားနိုင်ငံသို့ တရားမဝင်သွားမည့် မြန်မာ ၂၉ ဦးကို ထိုင်းနိုင်ငံအတွင်း ယနေ့ ဇွန်လ ၁၂ ရက်တွင် ထိုင်းလှည့်ကင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်၊ ထာ့ခွန်ကျေးရွာဘက်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ လာရောက်လေ့ရှိကြောင်း သတင်းအရ လှည့်လည်စစ်ဆေးမှုပြုလုပ်စဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှည့်ကင်းအဖွဲ့က မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သောကြောင့် စစ်ဆေးစဉ်တားဆီးခဲ့ရာ ယာဉ်မောင်းက မရပ်ပေးခဲ့သည့်အတွက် အဆိုပါ ကားနောက်သို့ ရဲတပ်ဖွဲ့၏ ကားက တောက်လျှောက်လိုက်ပါမောင်းနှင်ကာ လက်ရ ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။

ပစ်ကပ်ကားကို မောင်းနှင်သည့် ထိုင်းနိုင်ငံသားမှာ ထွက်ပြေးသွားပြီး ယင်းပစ်ကပ်ကားပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံမှ ဝင်လာသူအမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းတို့က မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာကာ ပွဲစားစီစဉ်ပေးသည့်အတိုင်း မလေးရှားနိုင်ငံကိုသွားရောက်ရန် လာရောက်စဉ် ဖမ်းခံရခြင်းဖြစ်ကြောင်းနှင့် တစ်ဦးလျှင် ပွဲစားခ ဘတ် (၇၀၀၀၀) ပေးဆောင်ကြရကြောင်းလည်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသည့် မြန်မာများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ထောင်ဖာဖှုန်ရဲ စခန်းကို ပို့ဆောင်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း ထိုင်းနိုင်ငံသား အမျိုးသားအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News