Myanmar Transparency News

ရပ်ထားတဲ့ ၂၂ ဘီးယာဉ်နောက်ပိုင်းကို အရှိန်နဲ့ ဝင်တိုက်တဲ့ ကုန်တင်ယာဉ်မောင်း ကားခေါင်းခန်းမှာ ညပ်နေလို့ ကယ်ဆယ်ပေးနေစဉ် သေဆုံး

၁၄.၆.၂၀၂၅
Written by Hey Mar

ရပ်ထားတဲ့ ၂၂ ဘီးယာဉ်ကို NISSAN DIASEL အမျိုးအစားယာဉ်က နောက်ကနေ အရှိန်နဲ့ဝင်တိုက်တာကြောင့် ဝင်တိုက်တဲ့ကားက ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းညပ်ကာ သေဆုံးသွားတဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၁၄ ရက်နေ့ မနက်အစောပိုင်းက ပဲခူး-ရန်ကုန် ကားလမ်းပေါ် အင်းတကော်မြို့ မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကို ငါးထည့်တဲ့ ရေခဲပုံးအလွတ်တွေတင်ဆောင်ကာ မောင်းနှင်လာတဲ့ NISSAN DIASEL အမျိုးအစား အပြာရောင်ယာဉ်က အင်းတကော်မြို့အထွက်၊ သာယာကုန်းရွာအနီးအရောက်မှာ လမ်းပေါ် တစ်ဝက်တင်၊ လမ်းဘေးတစ်ဝက်ချကာရပ်ထားတဲ့ SCANIA အမျိုးအစား အပြာရောင် (၂၂)ဘီးယာဉ်ရဲ့ နောက်ဘယ်ဘက်ခြမ်းကို ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကားအတွင်းညပ်နေခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ လူမှုကူညီရေးအသင်းမှာ ပရဟိတအသင်းသားတစ်ဦးက “ဘယ်အချိန်ကဖြစ်နေတာလဲတော့ မသိဘူး။ ကျွန်တော့်ဆီ သတင်းရောက်လာတော့ မနက် တစ်နာရီလောက်ရှိပြီ။ ကျွန်တော်တို့လည်း ကားကို ဖြတ်ထုတ်ပြီး သူ့ကို ကူညီခဲ့ပေမယ့် အပြင်ထုတ်လိုက်နိုင်ပြီး မိနစ်ပိုင်းအတွင်း သေဆုံးသွားတာပါ။ ပဲခူးဆေးရုံဆီ ပြန်သယ်လာခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူက အသက် ၄၆ နှစ်အရွယ် ကိုလှိုင်ထွန်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူလို့ သိရှိရပြီး ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကားနဲ့ ပဲခူးဆေးရုံကြီး ရင်ခွဲရုံမှာထားရှိကာ မိသားစုတွေကို ဆက်သွယ်ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News