Myanmar Transparency News

လမ်းအလယ်မှာ လက်နက်ကိုင်ဆောင် သောင်းကျန်းနေလို့လာရောက် ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ကို လေးခွနဲ့ ပစ်ပြေးသူ ဖမ်းမိ

၁၄. ၆. ၂၀၂၅
Written by Nay Moe

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ ဓားမတစ်ချောင်း၊ ခရင်းခွတစ်ချောင်းနဲ့ လေးခွတို့ ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးအရေးယူရာမှာ လေးခွနဲ့ပစ်ပြေးပေမဲ့ ဖမ်းမိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီမှာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ တပ်ကုန်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေချိန် ညောင်ပင်သာကျေးရွာအရောက်မှာ အဆိုပါကျေးရွာနေ ငြိမ်းချမ်းအောင်(၃၅)နှစ်ဟာ ကျေးရွာလမ်းပေါ်မှာ အရိုး/အသွား ၂၀ လက်မခန့်ရှိ ဓားမတစ်ချောင်း၊ အရိုး/အသွား ၆ ပေ ၇ လက်မခန့်ရှိ ခရင်းခွတစ်ချောင်း၊ လေးခွတစ်လက်တို့ ကိုင်ဆောင်ရမ်းကားနေတာကို တွေ့ရှိရလို့ သွားရောက်စစ်ဆေးခဲ့ရာမှာ ငြိမ်းချမ်းအောင်က လေးခွနဲ့ ပစ်ပြီး ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးရာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတရားခံ ငြိမ်းချမ်းအောင်ကို တပ်ကုန်းမြို့မရဲစခန်းက (ပ)၅၈/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News