Myanmar Transparency News

ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာက ညီက အစ်ကိုကို သတ်ဖြတ်မှု မိတ္ထီလာမှာ ဖြစ်ပွား

၂၆.၆.၂၀၂၅
Written by Hey Mar

ညီအစ်ကိုအချင်းချင်း စကားများရာက လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာက မီတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁)၊ စပါယ်ဦးတိုးချဲ့လမ်းမှာ မနေ့က ဇွန်လ ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ညီဖြစ်သူက အစ်ကိုဖြစ်သူကို ချွန်ထက်တဲ့ လက်နက်နဲ့ တစ်ချက် ဘယ်ဘက် နံရိုးကြားကို ထိုးခဲ့တာလို့ ရုပ်အလောင်းသွားကောက်ယူခဲ့တဲ့ ပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးထံကနေ သိရပါတယ်။

“ကျွန်တော်တို့ကို ရုပ်အလောင်းလာသယ်ဖို့ သက်ဆိုင်ရာက ခေါ်လို့ သွားတာပါ။ မနက် တစ်နာရီခွဲလောက် ရောက်သွားတာ။ ညီအစ်ကိုချင်းရန်ဖြစ်တာပဲလို့ပဲ သိရတယ်။ စကေဘာလို့ထင်ရတာပဲ။ ထိုးသွားတဲ့ လက်နက်က။ ထိုးသွားတဲ့ ညီဖြစ်သူက ထွက်ပြေးနေတုန်းလို့တော့ ကြားတယ်” လို့ ဝန်ဇင်းလူငယ် ပရဟိတအသင်းတာဝန်ရှိသူက ဆိုပါတယ်။

သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ အပေါက်သေး တစ်ပေါက် တွေ့ရှိရသလို သေဆုံးသူကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ဝန်ဇင်းလူငယ် လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News