Myanmar Transparency News

မယ်လမုဘုရားမှာ စွန့်ပစ်ခံရတဲ့ မသန်စွမ်းသမီးငယ်လေးကို လူကယ်ပြန်က စနစ်တကျခေါ်ယူစောင့်ရှောက်

၁၇.၆.၂၀၂၅
Written by Thiri

စကားမပြော လမ်းမလျှောက်နိုင်တဲ့ အသက် ဆယ်နှစ်အရွယ် သမီးငယ်တစ်ဦး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ မယ်လမုဘုရားဝင်းအတွင်း မနေ့က ဇွန်လ ၁၆ ရက်နေ့က စွန့်ပစ်ခံခဲ့ရပါတယ်။

အဆိုပါသမီးငယ်ကို ဘုရားရဲ့ အဝင်အထွက်မုခ်နားမှာ ထားခဲ့တာမို့ CCTV မှတ်တမ်းမှတ်ရာတွေ ပြန်ကြည့်တဲ့အခါ တက္ကစီတစ်စီးနဲ့လာရောက်ကာ အမျိုးသမီးတစ်ဦးက စွန့်ပစ်သွားတာကို တွေ့ရှိရတယ်လို့ မယ်လမုဘုရားဝင်းအနီမှာ အခြေပြုတဲ့ ဘိုစိန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစိန်က MT News ကို ပြောပါတယ်။

“တက္ကစီပေါ်ကနေ အမျိုးသမီးက ကလေးကို ခါးထစ်ခွင်ပြီး ချီလာတာ။ ပြီးတော့ အဝင်အထွက်မုခ် မလှမ်းမကမ်းလေးမှာ သူတို့နှစ်ယောက်ထိုင်နေတာ အကြာကြီးပဲ။ အမျိုးသမီးက ကလေးကို ထိုင်ကြည့်နေတာမျိုးပေါ့ တွေ့ရတယ်။ CCTV က ကင်မရာက မကောင်းတော့ Zoom ဆွဲလိုက်ရင် ဝါးသွားရော။ သေချာ ရုပ်ရည် မသဲကွဲဘူးပေါ့” လို့ ဦးဘိုစိန်က ဆိုပါတယ်။

ကလေးကို ဘုရားဂေါပကအဖွဲ့ဝင်တွေနဲ့ ဘိုစိန်လူမှုကူညီရေးက မနေ့က နေ့လယ်ပိုင်းမှာ တွေ့ရှိတာမို့ သက်ဆိုင်ရာ ရပ်ကွက်လူကြီး၊ အုပ်ချုပ်ရေးမှူး စတဲ့တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားခဲ့တာကြောင့် မနေ့က သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း အဆင့်ဆင့် တင်ပြအကြောင်းကြား‌တာတွေ ချက်ချင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးဘိုစိန်က “ကလေးကံ အင်မတန်ကောင်းတာနေမယ်။ မနေ့က တစ်ညနေနဲ့ တစ်ညပေါ့။ ဘုရားက‌လူတွေ စောင့်ရှောက်ပေးတာတောင် သံယောဇဉ် ဖြစ်ကြတယ်။ အသွေးအမွေးလေးလည်း သူခမျာ မသန်စွမ်းဖြစ်နေမယ့် လှတယ်။ မျက်တောင်လေးတွေ စင်းပြီး အရှည်ကြီးပဲ။ စွန့်ပစ်သူတွေလည်း သူ့အခက်အခဲ ကြီးကြီးမားမားရှိပါလိမ့်မယ်။ ကရုဏာ သက်စရာပါ။ အစားအသောက်ကျွေးတော့လည်း အားရပါးရ စားလို့ မျက်ရည်ပါ လည်ရတယ်။ သူစားတာကြည့်ပြီး မစားမသောက် နေခဲ့ရသလားတွေးမိလို့ပါ” လို့ ‌ကြုံခဲ့ရတဲ့ အခြေအနေတချို့ကို ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ဆယ်နာရီခွဲခန့်မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်‌ နေရာချထားရေးဝန်ကြီးဌာနရဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်တာဝန်ရှိသူတွေ အပါအဝင် ကျိုက်ဝိုင်း မသန်စွမ်းသင်တန်းကျောင်းက ကျောင်းအုပ်ကြီးပါ လိုက်ပါလာပြီး ကလေးကို လိုအပ်တဲ့ ဆေးစစ်တာတွေ ချက်ချင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

“က​လေးကို ပြင်ပ​ရောဂါတွေ ရှိမရှိ စစ်​ဆေး ​တာ အောင်မြင်သွားတယ်။ B ပိုး၊ C ပိုး၊ ကာလသား​ရောဂါ၊ HIV ၊ Covid ကအစ ဆေးစစ်ချက်တွေမှာ အကုန်ကင်းရှင်းပါတယ်။ ချက်ချင်းအဖြေထွက်တာ နာရီပိုင်းအတွင်းပဲ။ ကာကွယ်​ဆေး‌ တွေလည်း ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုပ်​ရောင်ကာကွယ်​ဆေး၊​ မေးခိုင်ကာကွယ်​ဆေးတွေကိုလည်း မြို့နယ် တာဝန်ရှိသူတွေ အကူအညီနဲ့ ထိုးနှံပြီးပါပြီ။ ကလေးကို ကျွန်တော်တို့က မွေးရာပါ မသန်စွမ်းလား၊ ပိုလီယိုလား ထင်တာ။ ဆရာဝန်တွေ စစ်ဆေးမှ ပြင်းထန် ဖျားနာဖူးလိမ့်မယ်တဲ့။ အဲဒါကြောင့် အခုလို ဖြစ်သွားတာတဲ့။ ကုသလို့ ရတယ်ပေါ့ ” လို့ ဘိုစိန်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစိန်က ဖြစ်ကြောင်းကုန်စင်ကို MT News ကို ပြောပါတယ်။

မြို့နယ်တာဝန်ရှိသူတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ခိုလှုံစရာနေရာ‌ကောင်းတစ်ခုကို ရောက်ရှိသွားပြီ ဖြစ်သလို သမီးငယ်ကိုလည်း လတ်တလော မယ်လမုလို့ပဲ ခေါ်ဖြစ်လိုက်ကြတယ်လို့ ဦးဘိုစိန်က အရွှန်းဖောက်ပြောပြခဲ့ပြီး ​ဆေးစစ်ချက်တွေက ကောင်းမွန်တာမို့ လူမှူဝန်ထမ်း ကယ်ဆယ်​ရေးနှင့် ပြန်လည်သန်စွမ်း​ရေးဌာနဆီ အသင်းက ကူညီလိုက်ပါပို့ဆောင်​ပေးခဲ့ပြီလို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News