Myanmar Transparency News

တနိုင်းမြို့ရှိ ရွှေဆိုင်လုယက်ခံရမှု ရွှေထည်များ ရေမြောင်းထဲမှ ပြန်လည်ရရှိ

၂၁.၆.၂၀၂၅
Written by KL

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဧကရာဇ်ရွှေဆိုင်၌ ဇွန်လ ၁၉ ရက်က လုယက်ခံရမှုဖြစ်ပွားခဲ့ရာ ရွှေထည်များကို နေချင်းပင်ပြန်လည်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ရွှေဆိုင်အတွင်းသို့ ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က မိုးကာအင်္ကျီခြုံထားသော အမျိုးသားသုံးဦး ဝင်ရောက်လာပြီး ဆိုင်စောင့်ပေးနေသော လူငယ်တစ်ဦးကို ကတ်ကြေးဖြင့်ထိုးကာ ရွှေထည်လက်ဝတ်ရတနာပစ္စည်း ၁၂ ကျပ်သားကျော်ကို ယူဆောင်၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။

လုယက်မှုဖြစ်ပွားပြီးနောက် ဆိုင်ရှေ့တွင် လာရောက်ကြည့်ရှုသူတစ်ဦးက ရေမြောင်းထဲ၌ အိတ်တစ်လုံးကို မြင်တွေ့သဖြင့် ဖွင့်ကြည့်ခဲ့ရာ လုယက်ခံရသော ရွှေထည်များကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ရှေ့ကရေမြောင်းထဲကနေပဲ ပစ္စည်းတွေပြန်ရတယ် လုသွားတဲ့သူတွေကိုတော့ မမိသေးဘူး။ လုသွားတဲ့ပစ္စည်းကို ဆိုင်ရှေ့ရေမြောင်းထဲပဲ ပြန်ထားခဲ့တာကတော့ စဥ်းစားစရာပဲ “ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

လတ်တလောတွင် ကျုးလွန်သူ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News