Myanmar Transparency News

ကရင်နီအကြမ်းဖက်အဖွဲ့များ တရားမဝင်ခိုးတူးနေသည့် မော်ချီးသတ္တုတွင်းကို ဗုံးကြဲရှင်းလင်း၊ လူပေါင်း ၄၀ ကျော်ဒဏ်ရာရကာ သေဆုံးသူ ၇ ဦးခန့်ရှိဟု ဆို

၂၅.၆.၂၀၂၅
Written By Zun

ကရင်နီအကြမ်းဖက်အဖွဲ့များ တရားမဝင်ခိုးတူးနေသည့် မော်ချီးသတ္တုတွင်းကို တပ်မတော်က ယနေ့ ဇွန်လ ၂၅ ရက်တွင် ဗုံးကြဲရှင်းလင်းခဲ့သောကြောင့် လူပေါင်း ၄၀ ကျော်ဒဏ်ရာရကာ သေဆုံးသူ ၇ ဦးခန့်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခန့်က ကရင်နီပြည်(ကယားပြည်နယ်) ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် ကရင်နီနှင့် PDF အဖွဲ့များက ခဲများ ခိုးယူ ထုတ်လုပ်နေစဉ် ဗုံးဖြင့် ရှင်းလင်းခံရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

“ကယားပြည်နယ်၊ ဖားဆောင်းတိုက်ပွဲ အခုချိန်ထိ မပြီးသေးပါဘူး။ ဒီနေ့မနက်က ပွဲ တော်တော် ကြမ်းပါတယ်။ ဒီကနေ့ တိုက်ပွဲမှာ ကရင်နီ ပဒက်တွေ တော်တော် အထိနာပြီး ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်ပြီး မယ်စဲ့ဘက်ကို သယ်သွားပါတယ်။ ဒဏ်ရာရပဒက်တွေ သွေးအထွက်လွန်ပြီးသွေးလိုနေတယ်လို့လည်း သိရတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က KNPP-KNDF-KNPLF-ကလလတ-ကယန်းပြည်သစ် အဖွဲ့အစည်းတွေအားလုံး တပ်မတော်ကိုလာပြီး ဆွေးနွေးညှိနှိုင်းပါလို့ ပြောခဲ့ပါတယ်။ မဆွေးနွေးရင် အကြမ်းဖက် KNPP-KNDFKNPLF-ကယန်းပြည်သစ်တို့ ရှိတဲ့ နေရာတွေ ဖြစ်တဲ့ အဓိက ငွေဝင်လမ်းနေရာတွေကို လေကြောင်းက ဗုံးကြဲချ ချေမှုန်းမယ်လို့ ပြောပြီးသား ဖြစ်ပါတယ်။ အဓိက နေရာတွေကတော့ မော်ချီးသတ္တုတွင်း၊ ချယ်ရီကုန်းဈေး၊ ဆေးရုံမြို့ လို့ ခေါ်တဲ့ ဆီဘူး ၊ ပီကင်းဈေး၊ ခဲထွက်တဲ့နေရာ ဖြစ်တဲ့ ကဆန်း ခူးပရာရွာ ၊ ထီးပိုးကလိုးရွာ စသဖြင့် ပြောခဲ့ပါတယ်။ အခုကြမှ ဗုံးကြဲလို့ လူတွေ သေပါတယ်လို့ မအော်ကြေးပါဗျာ။ ဒေသခံတွေကလည်း ဗုံးကြဲပေးဖို့ သတင်းပေးနေတာရှိတယ်”ဟု တပ်မတော် နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် အကြမ်းဖက် ကရင်နီတပ်ပေါင်းစုများက ဖားဆောင်းမြို့ကို ထိန်းချုပ်ခဲ့ရာတွင် ခလရ (၁၃၄) နှင့် ခလရ (၁၃၅) တပ်ရင်းကလွဲ၍ တပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို သိမ်းထားခဲ့ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News