Myanmar Transparency News

တစ်အိမ်တည်းနေ သားဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ စကားများရာက သားက အဖေကို ဓားနဲ့ထိုးလို့ ဖခင်ဖြစ်သူ သေဆုံး

၂၆. ၆. ၂၀၂၅
Written by Hey Mar

တစ်အိမ်တည်းနေ သားဖြစ်သူနဲ့ ဖခင်တို့ စကားများရာက သားက ဖခင်ကို ဓားနဲ့ထိုးလို့ ဖခင်ဖြစ်သူသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၂၅ ရက်နေ့ ည ဆယ်နာရီကျော်အချိန်ခန့်က ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ဖြစ်စဉ်က သေဆုံးသူ ဦးဉာဏ်လင်း အသက် ၄၄ နှစ်က သားဖြစ်သူ ချစ်ဦးမောင်ကို နေအိမ်အတွင်းရှိ ပန်းကန်းစင်ကို ဝင်တိုက်တဲ့ ကိစ္စနဲ့ ဆူပူခဲ့ရာ နှစ်ဦး စကားများရန်ဖြစ်ကြချိန် သားဖြစ်သူက အရိုးအသွား ၁၀ လက်မခန့်ရှိ ကော်ရိုးတပ် စတီးဓားနဲ့ထိုးခဲ့တာကြောင့် ဦးဉာဏ်လင်းရဲ့ ယာဘက်လက်မောင်းရင်း ချိုင်းအထက်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဒဏ်ရာနဲ့ ဦးဉာဏ်လင်းမှာ နေအိမ်မီးဖိုချောင်မှာ လဲကျနေတာကို ချွေးမဖြစ်သူ ချစ်ဦးမောင်ရဲ့ ဇနီးဖြစ်သူက တွေ့ရှိပြီး ပတ်ဝန်းကျင်ကို အကူညီတောင်းကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ ဆေးရုံကို ရောက်ရှိချိန် ရရှိထားတဲ့ဒဏ်ရာမှ သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖခင်ဖြစ်သူကို ဓားနဲ့ထိုးပြီး အသက်သေဆုံးစေခဲ့တဲ့ တရားခံ ချစ်ဦး‌မောင်ကို ပဲခူး အမှတ် (၂) နယ်မြေရဲစခန်းက (ပ)၁၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုကြီး အမှတ်စဉ်(၆) နဲ့ အမှုဖွင့်ကာ တရားခံ ချစ်ဦးမောင်အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News