Myanmar Transparency News

မြိတ်မြို့က တည်းခိုခန်းအတွင်းမှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာနဲ့ လူငယ်တစ်ဦးသေဆုံးမှု ဒီနေ့ဖြစ်ပွား

၂၈ .၆ .၂၀၂၅
Written by Hey Mar

တည်းခိုခန်းက အလုပ်သမားတစ်ဦး ဓားဒဏ်ရာများစွာနဲ့ အခန်းအတွင်းသေဆုံး‌နေခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ တည်းခိုခန်းက မြိတ်မြို့၊ တောင်နယ်မြေ၊ တိုးချဲ့ရပ်၊ စေတနာလမ်းမှာရှိတဲ့ လှသီရိတည်းခိုခန်းလို့ သိရပြီး သေဆုံးသူက တည်းခိုခန်းအလုပ်သမား‌တစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုမြတ်ထွေးလို့ သိရပါတယ်။

အဆိုပါ ရုပ်အလောင်းကို သွားရောက်ကောက်ယူခဲ့တဲ့ ရှင်သန်ခြင်းပရဟိတ-မြိတ် အသင်းမှ တာဝန်ရှိသူက “သေဆုံးသူက ဒေသခံပါပဲ။ ဓားဒဏ်ရာက အချက် နှစ်ဆယ်ကျော်လောက်ရှိမယ်။ ကောင်လေးက မနေ့ကကတည်းက ပျောက်နေတာပေါ့။ သေဆုံးချိန်ကြာနေပါပြီ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ်တွေ ဆက်လက် လုက်ဆောင်နိုင်ဖို့ ရှင်သန်ခြင်းပရဟိတ-မြိတ်အသင်းမှ ကုတင်(၁၀၀)ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News