Myanmar Transparency News

စက်ဘီးစီးလာတဲ့ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး မြေသယ်ယာဉ်တိုက်‌ပြေးခံရပြီး သေဆုံး

၃.၇.၂၀၂၅
Written by Hey Mar

လမ်းမပေါ် စက်ဘီးစီးလာတဲ့ကလေးကို ကျောက်တင်လာတဲ့ မြေသယ်ယာဉ်က ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးမှု ဒီနေ့ ဇူလိုင်လ ၃ ရက် မနက် ၈ နာရီဝန်းကျင်က မန္တလေးမြို့၊ ၄၉ လမ်း မိန်းလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ယာဉ်တိုက်ခံသူကလေးမှာ သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အခင်းဖြစ်နေရာက ၄၉ လမ်း၊ ၁၁၄ လမ်းထောင့်မှာဖြစ်ပွားခဲ့ကာ တောင်မှမြောက်ကို မောင်းနှင်လာတဲ့ မြေသယ်ယာဥ်တစ်စီးက အသက် (၁၂) အရွယ်‌ကလေးငယ် ယောကျ်ားလေးတစ်ဦးရဲ့ စက်ဘီးကို တိုက်ချိတ်ကာ မောင်းနှင်ထွက်ပြေးသွားပြီး ကလေးက ကွန်ကရစ်လမ်း‌ပေါ် ဦးခေါင်းနဲ့ ပြင်းထန်စွာ ပြုတ်ကျ ထိခိုက်မိလို့ နေရာတင် သေဆုံးတာလို့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါအသင်း တာဝန်ရှိသူက “အဲဒီလမ်းက မန္တလေးမှာ မိန်းလမ်းပဲ။ ကားကြီးတွေလည်း ဥဒဟို ဖြတ်ပါတယ်။ ကလေးစက်ဘီးက ကားနဲ့ချိတ်ပြီး တစ်ပြလောက်ပါသွားတာ။ ကလေးကိုတော့ ကားမကြိတ်မိပေမယ့် တိုက်တဲ့အရှိန်နဲ့ ဦးခေါင်းပြင်းထန်ဒဏ်ရာရပြီး သေတာပါ။ အတိုက်ခံရတဲ့ ကလေးမိသားစုတွေ စုံစမ်းနေဆဲပါ။ အခု မနက်ဆယ့်တစ်နာရီ အထိတော့ ဆက်သွယ်စုံစမ်းလို့ မရသေးပါဘူး။ ကလေးရဲ့ ရုပ်အလောင်းကိုတော့ မန္တလေးဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မူရင်းသတင်း — Myanmar Transparency News