Myanmar Transparency News

ထမင်းအိုးတည်ထားရာမှ နေအိမ်သုံးလုံး မီးလောင်မှု ပေါင်မြို့နယ်တွင် ဖြစ်ပွား

၇.၇.၂၀၂၅
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ၊ ဘုန်း​ကြီးလမ်းတွင် ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၃၅ မိနစ်ခန့်က ထမင်းအိုးတည်ထားရာမှ နေအိမ်သုံးလုံးမီးလောင်မှု​ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စလောင်တဲ့ အိမ်က အမျိုးသမီး​ ထမင်းအိုးတည်ပြီး စျေးသွားရင်းက အိမ်မှာမီးလောင်တာ။ ဘေးက အိမ်နှစ်လုံးလည်း ဆက်ကူးပြီး မီးထဲပါကုန်တာ”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

မီးလောင်မှုကို ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်သုံးလုံးမီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသော နေအိမ်မှ အိမ်ရှင်ဒေါ်ခိုင်​အေးဖြူကို ပေါင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၆ ရက်၊ နံနက် ၈ နာရီခွဲခန့်က သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာ၊ အလယ်လမ်းရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ပိုင်ရှင် ဦးသန်းရွှေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် သံဖြူဇရပ်မြို့မရဲစခန်းမှအမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News