Myanmar Transparency News

မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းတွင် ၁၂ ဘီးကားတစ်စီး ချောက်ထဲပြုတ်ကျ၍ ယာဉ်မောင်းသေဆုံးမှု ဖြစ်ပွား

၈.၇.၂၀၂၅
Written By Zun

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းပေါ် ဝါးစခန်းအကွေ့တွင် ယမန်နေ့ ဇူလိုင်လ ၇ ရက် ည ၇ နာရီအချိန်ခန့်က ၁၂ ဘီးကားတစ်စီး ချောက်ထဲပြုတ်ကျ၍ ယာဉ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကားမှာ မြဝတီမြို့က ကားတာယာများတင်ဆောင်၍ ဒေါနတောင်လမ်းဟောင်းအတိုင်း မောင်းနှင်လာစဥ် ဝါးစခန်းအကွေ့အရောက် အရှိန်လွန်ကာ လမ်းဘေးသို့ချော်ကျပြီး ချောက်ထဲပြုတ်ကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလမ်းက မိုးများတော့ လမ်းသားမကောင်းဘူး။ မြေပျော့နေတာ။ ပြီးတော့ အရှိန်မထိန်းနိုင်ရင် ပြဿနာရှိတယ်။ ကံဆိုးတာက တစ်ဖက်က ကားလာနေတာနဲ့ တိုးတာမှာ ဖြစ်သွားတာပေါ့”ဟု မြေပြင်လိုက်ပါကူညီခဲ့သူက MT News ကိုပြောသည်။

ယင်းကြောင့် အသက် ၅၅ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွား‌သောကြောင့် ရုပ်အလောင်းကို မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အလင်းသစ်လူမှုကယ်ဆေးရေးအဖွဲ့၏ ယာဥ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News