Myanmar Transparency News

မုဒုံ၊ ရွှေဟင်္သာဈေးအတွင်းက ရွှေရတနာဦးရွှေဆိုင်ကို ပစ်ခတ်လုယက်မှုဖြစ်ပွား၊ ဆိုင်ပိုင်ရှင်သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရ

၁၁. ၇. ၂၀၂၅
Written by Nay Moe

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေးအတွင်းရှိ ရွှေရတနာဦးစိန်ရွှေရတနာရွှေဆိုင်ကို ယနေ့နံနက်ပိုင်းက ပစ်ခတ်လုယက်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင်သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ နံနက် ၁၁ နာရီကျော်အချိန်က မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ရွှေဟင်္သာဈေးရှိ ဦးပန်းလာ ပိုင်ဆိုင်သည့် ရွှေရတနာဦး စိန်ရွှေရတနရွှေဆိုင်ကို ဆိုင်ကယ်အမဲရောင်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မျက်မှန်အမဲတပ်ထားသည့် အမျိုးသား ၁ ဦးက ရွှေဆိုင်အတွင်းရောက်လာပြီး ပစ်ခတ်လုယက်ခဲ့သည်ဟု သိရသည်။

“ဆိုင်ပိုင်ရှင် ဦးပန်းလာက ဖြစ်စဉ်မှာတင် သေဆုံးသွားပါတယ်။ သူတို့ဆိုင်ရှေ့က ရုံ (၁) စျေးအလယ်၀က ဆိုင်ကယ်အပ်တဲ့နေရာမှာ။ ဦးပန်းလာက အခုရက်ပိုင်း အသက် ၇၀ ပြည့်တော့မှာဆိုတော့ ဆိုင်မှာထိုင်လေ့ထိုင်ထ သိပ်မရှိဘူး။ ဒီနေ့ သူလာထိုင်မှဖြစ်သွားတာ။ သူ့သမီးကြီး မပပလည်း ဒဏ်ရာအပြင်းအထန်ရတယ်။ သူတို့မိသားစုက မြို့မျက်နှာဖုံး။ အလှူအတန်းဆို ထိပ်ဆုံးက လှူသူတွေပါ။ ရွှေတွေ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ အခုက သူတို့မိသားစုက ဦးပန်းလာအလောင်းကို အိမ်ပြန်သယ်ဖို့ လုပ်နေကြတာ” ဟု ဦးပန်းလာ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း လုယက်သူသေနတ်သမားသည် ဦးပန်းလာနှင့် သမီးဖြစ်သူ မပပဖြိုးတို့ကို ပစ်သတ်ပြီးနောက် ရွှေထည်များ လုယက်ခဲ့သည်ဟု ဆိုသော်လည်း ပါရှိပစ္စည်းအနေအထား မသိရသေးသလို ဒေသခံအချို့ကလည်း ရည်ရွယ်ချက်ရှိရှိ လူသတ်ပြီးထွက်ပြေးသွားသည်ဟု ဆိုသဖြင့် MT News က သတင်းဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News