Myanmar Transparency News

မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ ကိုရီးယားနိုင်ငံသား Youtuber တစ်ဦးက မြန်မာအမျိုးသမီးငယ်တွေကို ဗွီဒီယိုခိုးရိုက်ကာ လိင်စော်ကားမှုနဲ့ အခကြေးငွေရယူ မဖွယ်မရာပြောဆိုမှုတွေ ပြုလုပ်နေ

၁၅ .၇.၂၀၂၅
Written by Thiri

အ‌တော်အသင့် လူသိများတဲ့ ကိုရီးယားနိုင်ငံက Tony အမည်နဲ့ YouTuber တစ်ဦးဟာ မြန်မာနိုင်ငံကို ခရီးသွားလာ လည်ပတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်ရှိနေပြီး လူစည်ကားရာနေရာတွေမှာ လျှို့ဝှက်ကင်မရာသုံးကာ မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်သွားလာလှုပ်ရှားမှုတွေကို ရိုက်ကူးပြီး မဖွယ်မရာစကားတွေနဲ့ သူ့ရဲ့ Channel မှာ တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ဆောင်ရွက်ပေးနေတဲ့ Page တစ်ခုဖြစ်တဲ့ STOP Sexual Abuse to the children ဆိုတဲ့ Page ကနေ ထုတ်ဖော်ရေးသားလာပါတယ်။

အဆိုပါ Tony ဆိုတဲ့ YouTuber က မြန်မာအမျိုးသား အမျိုးသမီးတွေရဲ့ ရိုးရာယဥ်‌ကျေးမှုဝတ်စုံဖြစ်တဲ့ ထဘီနဲ့ လုံချည် ဝတ်ဆင်ထားသူတွေကို ပုပ်ခတ်စော်ကားတဲ့ စကားများပြောဆိုနေကာ လုံချည်နဲ့ ထဘီက လိင်မှုကိစ္စမှာ လွယ်အောင်ဝတ်ကြတာလို့ ပုပ်ခတ်သုံးနှုန်းထားတာတွေ့ရပါတယ်။

STOP Sexual Abuse to the children page မှ တာဝန်ရှိသူက “မနေ့က ရဲစခန်းကို အခု ပြဿနာနဲ့ ပတ်သက်လို့ စခန်းမှူးတစ်ယောက်နဲ့ သွားတွေ့တယ်။ သူက သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်က ဆိုရှယ်ပေါ်မှာလုပ်တာဖြစ်တဲ့အတွက်ပေါ့။ ခံရတဲ့သူရဲ့ ရုပ်သံထဲမှာ ပါနေတဲ့ ကလေးတစ်ယောက်က လာဖွင့်ရင်တောင်မှ သူက ၆၆ (ဃ)ပဲရှိတာ။ ပြစ်မှုပြစ်ဒဏ်က သေးတဲ့အခါကြတော့ အမတို့အနေနဲ့ Speak Out လုပ်ဖို့ပဲတွေးလိုက်‌တော့တယ်။ ဒီလိုတင်လိုက်လို့ရှိရင် ဒီကောင်လည်း လန့်သွားမယ်။ တော်တော်များများလည်း ဒီလိုမျိုးတွေရှိပါလားဆိုတာ သိသွားမယ်။ နောက်ပြီး ခံရတဲ့ကလေးတွေက ငယ်တယ်။ လူလုံးထွက်ဖို့ အဆင်မပြေတာတွေရှိလို့ အမက အခုလို ခေါင်းခံလိုက်တာပဲ” လို့  MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ကိုရီးယား Youtuberက  မြန်မာမိန်းကလေးတွေကို တရားဝင်ခွင့်ပြုချက်မတောင်းဘဲ ခိုးယူရိုက်ထားတဲ့ပုံတွေကိုလည်း သူ့ရဲ့ Youtube Channel မှာ တင်ကာ ပုံပါအမျိုးသမီးနှင့် လက်ထပ်ချင်လို့ ဖြစ်စေ၊ အတူနေချင်လို့ဖြစ်စေ နှုန်းထားဘယ်လောက်လို့ သတ်မှတ်ကာ Membership Channel မှာ အခကြေးငွေနဲ့ ရောင်းစားနေကြောင်းကိုလည်း STOP Sexual Abuse to the children page က သက်သေနဲ့တကွသိရှိထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကိုရီးယား အမျိုးသား Youtuber က မြန်မာပလာဇာ၊ အင်းယားကန်ဘောင်၊ လှည်းတန်းနဲ့ ဆူးလေတစ်၀ိုက် ကျင်လည်ကျက်စားကြောင်းလည်း သိရပါတယ်။ မြန်မာအမျိုးသမီးငယ်တွေကို ဓာတ်ပုံရိုက်ပေးမယ်လို့ပြောကာ ပုံတွေပို့ဖို့အတွက် Viber နံပါတ်တောင်းယူပြီး အဆက်အသွယ်တွေပြုလုပ်‌ကြောင်း ဒါ့အပြင် ကိုရီးယားစကား‌ပြောတတ်တဲ့ မိန်းကလေးတွေကိုလည်း အလုပ်ရှာပေးမယ်ဆိုကာ ငွေနဲ့ဖျားယောင်းပြီး ဟိုတယ်တွေမှာ ချိန်းဆိုတာ၊ ကိုရီးယားလူမျိုးများနဲ့ လက်ထပ်ဖို့ ဖျားယောင်းမြှူဆွယ်တာ စတာတွေလည်း အဆက်မပြတ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

STOP Sexual Abuse to the children မှ တာဝန်ရှိသူက “အမတို့က ကိုရီးယားသံရုံးကို အီးမေးလ်တွေ ပို့တယ်။ သံရုံးကလည်း အရေးယူမှု ပြုလုပ်ပေးတဲ့အနေနဲ့ သံရုံးဝက်ဘ်ဆိုက်မှာ တားမြစ်စာတင်ထားပေးတယ်။ အမတို့ဘက်ကလည်း သူ့ကို နေရာသိမှပဲ တရားစွဲတာတွေ အမှုဖွင့်တာ‌တွေ လုပ်လို့ရမှာ။ တစ်ခုထပ်လုပ်လို့ရတာက သူတို့ လဝကမှာ ဧည့်စာရင်းတိုင်ရမယ်လေ။ အဲ့ဒီမှာ သွားစုံစမ်းရင် ရမလားပေါ့။ အခုလောလောဆယ်ကတော့ ဒီလို ဆိုရှယ်မီဒီယာကနေ Speak Out လုပ်ရင် ပျံ့နှံ့လာရင် အစိုးရကပေါ့ ဝင်ပြီးများဆောင်ရွက်မလားဆိုပြီး အခုလို ထုတ်ဖော်တာပါ” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ STOP Sexual Abuse to the children အဖွဲ့ အစည်းက သူတို့ ထုတ်ဖော်ပြောကြားထားတဲ့ ကိုရီးယားအမျိုးသားနဲ့ တွေ့ဆုံဖူးတာ၊ ထုတ်လွှင့်မှု Video တွေထဲ‌မှာ ပါ၀င်ခဲ့တာ စတဲ့ အမျိုးသမီးတွေ အနေနဲ့ သူတို့အဖွဲ့ထံ လာရောက်သတင်းပေးနိုင်ကြောင်းနဲ့ တရားဥပဒေအရအရေးယူဖို့ ဆောင်ရွက်သွားမှာဖြစ်တာ‌ကြောင့်လာရောက်ပူးပေါင်းလိုတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း ထိန်းသိမ်းပေးမယ်လို့ အသိပေးထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News