Myanmar Transparency News

အခ‌ကြေးငွေယူကာ သရက်ပင် တက်ခုတ်ပေးတဲ့ အမျိုးသားကြီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား

၁၆ .၇. ၂၀၂၅
Written by Hey Mar

သရက်ပင်တက်ခုတ်ရာက အမျိုးသားကြီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၈) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ပြုတ်ကျသေဆုံးသူမှာ အသက် ၅၀ အရွယ်ဖြစ်ပြီး အခကြေးငွေနဲ့ သစ်ပင်ခုတ်ပေးသူလို့ သိရပါတယ်။ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေမင်းဝံလူမှုကူညီရေးအသင်းတာဝန်ရှိသူက “သစ်ပင်က အမြင့်ကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် နှစ်ထပ်အိမ်တစ်လောက်တော့ မြင့်နိုင်တယ်။ သူ့ခါးမှာ ချည်ထားတဲ့ တွဲဆိုင်းကြိုးနဲ့ ဖြတ်လိုက်တဲ့ သစ်ကိုင်းနဲ့ ချိတ်ပြီး သူပါ ပြုတ်သွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ အမျိုးသားကြီးမှာ ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်းကွဲကြေ မျက်နှာအနည်းငယ်ပျက်စီးသွားတဲ့ အထိဒဏ်ရာတွေ ရရှိခဲ့ပြီး လူမှုကူညီရေးအသင်းက တောင်ငူဆေးရုံကြီးဆီ အမြန်တင်ပို့ခဲ့ပေမယ့် ဆေးရုံအရောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အထပ်မြင့်တိုက်ပေါ် လေ‌အေးပေးစက် တပ်ရောက်ပြုပြင်တဲ့ လုပ်သားတစ်ဦး မတော်တဆ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါသေဆုံးသူအမျိုးသားမှာ ပြုတ်ကျတဲ့ အရှိန်ကြောင့် မျက်နှာကွဲကြေ၊ ဦးခေါင်းအနည်းငယ်ပြားကာ ပြင်းထန်ဒဏ်ရာရရှိ သေဆုံးခဲ့တာလို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News