Myanmar Transparency News

ရပ်ထားသော ကွန်တိန်နာယာဥ်ကို ဆီဘောက်ဆာယာဥ်ဝင်တိုက်၍ ယာဥ်မောင်းတစ်ဦးသေဆုံးမှု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား

၁၈.၇.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၁) ရပ်ကွက်၊ ရတနာလမ်းနှင့် ချင်းတွင်းလမ်း​ထောင့်တွင် ရပ်ထားသော ကွန်တိန်နာယာဥ်ကို ဆီဘောက်ဆာယာဥ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ရာမှ ဆီဘောက်ဆာယာဥ်မောင်းသေဆုံးမှု ဇူလိုင်လ ၁၇ ရက် ည ၉ နာရီ ၃၉မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇယ် ဂါလံ ၃၀၀၀ခန့် တင်ဆောင်လာသော ဆီဘောက်ဆာ အဖြူရောင်ယာဥ်မှာ ရတနာလမ်းအတိုင်း မောင်းနှင်လာစဥ် လမ်းဘေးတွင် ရပ်ထားသော နီညို​ရောင်ကွန်တိန်နာယာဥ်ကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရပ်ထားတဲ့တွဲကားက အင်ဂျင်တောင်ချထားတာ။ ဆီဘောက်ဆာက နောက်ကနေဝင်တိုက်ပြီး ရပ်ထားတဲ့ကားနဲ့တွဲလျက် ပေ ၄၀ လောက် ရွေ့သွားတယ်။ ကားခေါင်းလည်းကြေသွားတယ်။ ယာဥ်မောင်းကတော့ နေရာမှာတင် ဆုံးသွားတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးခဲ့သော ဆီဘောက်ဆာ ယာဥ်မောင်းမှာ အသက် ၄၃ နှစ်အရွယ် ဦးကျော်မင်းထွန်းဖြစ်ပြီး ကားခေါင်းအတွင်း ညပ်နေသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကာ ၂၅ မိနစ်ခန့်ကြာ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူယာဥ်မောင်း၏ရုပ်အလောင်းကို အကြင်နာကုသိုလ်ပြု-ဘဘကြီးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News