Myanmar Transparency News

အမြန်လမ်းတွင် SUZUKI Carry ယာဉ်ကို HINO (၆)ဘီးယာဉ်က ဝင်တိုက်မိ၍ အမျိုးသမီး ၂ ဦး နေရာ၌ပင် သေဆုံးကာ ၄ ဦး ဒဏ်ရာရ

၂၅.၇.၂၀၂၅
Written By Zun

အမြန်လမ်းတွင် SUZUKI Carry ယာဉ်ကို HINO (၆)ဘီးယာဉ်က ဝင်ရောက်တိုက်မိ၍ အမျိုးသမီး ၂ ဦး နေရာ၌ပင် သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းက သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၉/၃-၄) ဖာလုံကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာ‌သော၊ SUZUKI Carry အမျိုးအစား (အဖြူရောင်)ယာဉ်ကို အဆိုပါယာဉ်က တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

“HINO (၆)ဘီး ကားကလည်း သူတို့နဲ့ လမ်းကြောင်း အတူတူပဲ မောင်းလာတာ။ အရှိန်ပြင်းတော့ နောက်ကနေ ဝင်တိုက် တာ။ SUZUKI Carry မှာ နောက်က ထိုင်လိုက်လာတဲ့ လူတွေထဲက အမျိုးသမီး နှစ်ယောက်က ပွဲချင်းပြီးပဲ။ ဝင်တိုက်တဲ့ ၆ ဘီးကားပေါ်က နှစ်ယောက်က ဘာမှ မဖြစ်ဘူး”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက MT News ကို ပြောသည်။

အတိုက်ခံရသည့် SUZUKI Carry ပေါ်တွင် ယာဉ်မောင်း အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး လိုက်ပါလာကြပြီး နောက်ဘက်က လိုက်လာသည့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့အထဲမှ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရခဲ့သောကြောင့် အဆိုပါ ဒဏ်ရာရသူများနှင့် သေဆုံးသူတို့ ရုပ်အလောင်းကိုပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ခဲ့ကြကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဘောနီအမြန်လမ်းရဲစခန်းမှ စခန်းမှူး ပါဝင်သော တပ်ဖွဲ့ဝင်များက သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News