Myanmar Transparency News

လွန်ခဲ့တဲ့ ဆယ်ရက်ဝန်းကျင်က ယာဉ်မတော်တဆမှုဖြစ်ပြီး လူသုံးဦးသေဆုံးခဲ့တဲ့နေရာမှာပဲ မတော်တဆမှု ထပ်မံဖြစ်ပွားကာ လူသေဆုံး

၂၅. ၇. ၂၀၂၅
Written by Hey Mar

လွန်ခဲ့တဲ့ ဆယ်ရက်ဝန်းကျင်က ယာဉ်မတော်တဆမှုဖြစ်ပြီး လူသုံးဦးသေဆုံးခဲ့တဲ့နေရာမှာပဲ မတော်တဆမှု ထပ်မံဖြစ်ပွားကာ လူသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မွေတော်ကက္ကူအနီး ပင်စုံရွာ‌အဆင်းလမ်းမှာ မနေ့က ဇူလိုင် ၂၄ ရက်နေ့က ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်နေရာမှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ တွဲကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသမီး သေဆုံးခဲ့ကာ တစ်ဖက်တွဲကားပေါ်က လူသုံးဦးလည်း ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇူလိုင် ၂၄ ရက် မနက် ၁၀ ကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကြက်‌ခြေနီအသင်းထံက‌နေ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးက ဆီဆိုင်မြို့နယ်၊ နမ်းဩကျေးရွာ နေထိုင်သူဖြစ်ကာ၊ ဆန်တင်တဲ့ တွဲကားနဲ့ ဆိုင်ကယ် ဆန့်ကျင် ဘက် အတက်အဆင်းမောင်းနှင်လာရင်း လမ်းကွေ့ရှိတာမှာ တစ်ဖက်နဲ့တစ်ဖက် ရုတ်တရက် မမြင်ဘဲတိုက်မိကြတာလို့ ယူဆရကြောင်း ဖြစ်စဉ်ကို မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံက ဆိုပါတယ်။

အဆိုပါနေရာမှာ အရင်က တိမ်းမှောက်ထားတဲ့ တွဲကားတစ်စီးလည်းရှိနေပြီး အဲဒီဖြစ်စဉ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဆန်တင်တွဲကားနဲ့ ဆိုင်ကယ်တိုက်မိတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်မှာလည်း နေရာတင် အမျိုးသားလူငယ်သုံးဦး သေဆုံးခဲ့တာပါ။

အဲ့သည့်‌နေရာက အကွေ့ကြီးပြီး လမ်းချော်သလို အတက်အဆင်းလည်း ဖြစ်တဲ့အတွက် မကြာခဏယာဉ်တိုက်မှုဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတချို့ထံကနေ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News