Myanmar Transparency News

အရက်မူးကာ ကားလာစဉ်ပစ်လဲလို့ အမျိုးသားကြီးတစ်ဦး သေဆုံး

 ၂၆.၇.၂၀၂၅
Written by Hey Mar

လုံခြုံရေးဝန်ထမ်းကြီးတစ်ဦးမူးပြီး ပစ်လဲကျရာက YBS ယာဉ်နဲ့ တိုက်မိသေဆုံးတဲ့ဖြစ်စဉ် မနေ့က ဇူလိုင် ၂၅ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယာဥ်မြို့တော်၊ ကျွန်းရွှေဝါလမ်းပေါ်၊ မြသီတာပန်းခြံအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါယာဉ်တိုက်ခံရသူ အမျိုးသားကြီးက အသက် ၆၀ အရွယ် ဦးဇော်မင်းလို့ သိရှိရပြီး အလုပ်ကအပြန် မိတ်ဆွေတွေနဲ့ အရက်‌သောက်စားပြီး လမ်းလျှောက်ပြန်လာရာက ယိုင်လဲကျစဉ် နောက်ကပါလာတဲ့ YBS ၁၃၃ ယာဉ်က တိမ်းရှောင်‌ပေမယ့် ပွတ်တိုက်မိတဲ့ အနေအထားဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း တာဝန်ရှိသူက “YBS နဲ့တော့ မတိုက်မိဘူး။ ပြောရရင် ကားကသူ့ကိုမတိုက်ဘူး။ သူက ကားကို ပစ်တိုက်သလို ဖြစ်တာ။ ကားကလည်း အရှိန်ပါတော့ ပြင်းထန်ထိခိုက်ဒဏ်ရာရပြီး နေရာတင် သေဆုံးတာပါ” လို့  MT News ကို ပြောပါတယ်။

သေဆုံးသူမှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့တာကြောင့် လူမှုကူညီရေး အသင်းယာဉ်နဲ့ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

မူရင်းသတင်း — Myanmar Transparency News