Myanmar Transparency News

နိုင်ငံအတွင်းသို့ တရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှု လုံးဝ ကင်းစင်သည်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ပါဝင်ပတ်သက်နေသူ သစ္စာမဲ့ဝန်ထမ်းများကို ဖော်ထုတ်အရေးယူရန် SAC ဒုတိယဥက္ကဋ္ဌ မှာကြား

◾️ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခဲ့သည့် သုံးနှစ်ခွဲအတွင်း ကျပ်ဘီလျံ ၆၆၀ ကျော်တန်ဖိုးရှိ အမှုတွဲပေါင်း ၂၅,၂၃၁ မှုအထိ ဖမ်းဆီးနိုင်ခဲ့

၃၁. ၇. ၂၀၂၅
Written by Nyein Kyaw

နိုင်ငံအတွင်းသို့ တရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှု လုံးဝကင်းစင်သည်အထိ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မသမာသောလုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသူ သစ္စာမဲ့ဝန်ထမ်းများရှိသည့်အတွက် ဖော်ထုတ်အရေးယူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင် ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်တီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) တွင် မှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ လအလိုက် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲများ၏ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုသည် လစဉ်တိုးတက်များပြားလာကြောင်း၊ ထိုသို့ ဖမ်းဆီးရရှိမှု တိုးလာခြင်းသည် တရားမဝင်ကုန်ပစ္စည်းများ လအလိုက်နိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုများပြားနေခြင်းကိုလည်း ဖော်ပြနေကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထိုကြောင့် တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှု လုံးဝကင်းစင်သည်အထိ ယခုထက်ပိုမို၍ ကြပ်ကြပ်မတ်မတ် ဝိုင်းဝန်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက မှားကြားသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခဲ့သည့်ကာလအတွင်း ဖမ်းဆီးရရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ၃ နှစ်နှင့် ၆ လတာကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ၂၅၂၃၁ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရရှိခဲ့မှုသည် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်ဆည်းရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို ဖမ်းဆီးရမိမှုများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရမိခြင်းသည် တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများကြောင့်ဖြစ်သလို တစ်ဖက်ကလည်း မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ မသမာသော လုပ်ရပ်များဖြင့် ပါဝင်ပတ်သက်နေသည့် သစ္စာမဲ့ဝန်ထမ်းများရှိသည့်အတွက် စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက မှာကြားသည်။

မူရင်းသတင်း — Myanmar Transparency News