Myanmar Transparency News

လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သည့် တရုတ်နိုင်ငံသားများအား စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချ

၂. ၈. ၂၀၂၅
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူ တရုတ်နိုင်ငံသားများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ မောင် —–၊ ၂၆/၂၀၂၅ နှင့် ၎င်း၏ ရည်းစားဖြစ်သူ မ—–၊ ၁၈/၂၀၂၅ နှစ်တို့က ခင်မင်ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လိုကြောင်း အကူအညီတောင်းခံခဲ့ရာ မယုဝတီက အလုပ်ရမည်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာသို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲအား တွေ့ရှိခဲ့ပြီး ၎င်းတို့စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့်ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီထိုက် Application မှ တစ်ဆင့် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ကြသည်ဟု သိရသည်။

ထို့ကြောင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများဖြစ်သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နှင့် Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၂၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)(ခ) အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News