Myanmar Transparency News

လမ်းဘေးမှာ ဘေးတွဲဆိုင်ကယ်နဲ့ ဒံပေါက်ရောင်းချသူကို ယာဉ်တစ်စီးက အရှိန်လွန်တိုက်မိလို့ ခြေထောက်ပြတ်လုနီးနီး ဒဏ်ရာရမှု မန္တလေးမှာ ဖြစ်ပွား

၇.၈.၂၀၂၅
Written by Hey Mar

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကုန်စိမ်းဈေးအနီးမှာ လမ်းဘေးဒံပေါက်ဆိုင်ကို ယာဉ်တစ်စီးက ဝင်တိုက်လို့ ဈေးရောင်းချသူအမျိုးသမီး ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မဟာလူမှုကူညီ‌ရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ယနေ့နံနက်ပိုင်း မန္တလေးမြို့၊ ၄၁လမ်း၊ ကုန်စိမ်းစျေးအဆင်းမှာ Light Truck ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ဘေးတွဲဆိုင်ကယ်နဲ့  ဒံပေါက်ရောင်းသူ အမျိုးသမီးတစ်ဦးကို မတော်တဆ တိုက်မိတာလို့ သိရပါတယ်။

မဟာလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ထိခိုက်သွားတဲ့ အမျိုးသမီးက အသက် ၄၀ လောက်ပဲ။ ခြေထောက်ကတော့ အတော်အခြေအနေဆိုးတယ်။ သတိမလစ်အောင်ပြုစုပြီး ဆေးရုံအမြန်ပို့ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အခြေအနေတွေတော့ သေချာမသိလိုက်ပါဘူး။ လူနာက အရေးကြီးတဲ့ အခြေအနေဖြစ်နေတာမို့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ယာဉ်တိုက်ခံရသူအမျိုးသမီးမှာ  ဘယ်ခြေပြတ်လုနီးနီး ဒဏ်ရာရရှိခဲ့တာကြောင့် လူမှုကူညီရေးအသင်းက သွေးထွက်မလွန်အောင် မြေပြင်ပြုစုပေးပြီ မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News