Myanmar Transparency News

ပါကစ္စတန်နိုင်ငံက အာကာသနှင့် နျူကလီးယားနယ်ပယ်တွင် တရုတ်နိုင်ငံနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ ဆက်ဆံရေးကို တိုးချဲ့ရန် ကြိုးစား

၈.၈.၂၀၂၅
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံဟာ အာကာသနည်းပညာ၊ နျူကလီးယားနည်းပညာနဲ့ ဉာဏ်ရည်တုနည်းပညာနယ်ပယ်တို့မှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားဖို့ စီစဉ်ထားပြီး တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ လကမ္ဘာခရီးစဉ်ကို ၂၀၃၅ ခုနှစ် နောက်ဆုံးထားရည်မှန်းထားတယ်လို့ ပါကစ္စတန်နိုင်ငံရဲ့ စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အထူးအစပြုဆောင်ရွက်မှုဆိုင်ရာ ၀န်ကြီး အာဆန်အစ်ဘယ်လ်က ဩဂုတ်လ ၇ ရက်က ပြောခဲ့ပါတယ်။

အာကာသစူးစမ်းလေ့လာရေးနဲ့ နျူကလီးယားနည်းပညာနယ်ပယ်တွေမှာ တရုတ်နိုင်ငံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပါကစ္စတန်က ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်လိုတယ်လို့လည်း ပါကစ္စတန် ဝန်ကြီးက ဆက်လက်ပြောခဲ့ပါတယ်။

ပါကစ္စတန်ဟာ ဥာဏ်ရည်တုနည်းပညာနဲ့ ကွမ်တမ်ကွန်ပြူတာတို့ အပါအဝင် တရုတ်နဲ့ သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေရန် စိတ်အားထက်သန်နေတယ်လို့ ပါကစ္စတန်၀န်ကြီးက တရုတ်ကို  အလည်အပတ်ရောက်ရှိနေတုံးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

“တရုတ်နျူကလီးယားအာဏာပိုင်နဲ့ အာကာသအေဂျင်စီရဲ့ ဥက္ကဋ္ဌအသစ်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်” လို့ အစ်ဘယ်လ်က ယခုသီတင်းပတ်အစောပိုင်းမှာပြောခဲ့တာကို ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက ဩဂုတ်လ ၇  ဖော်ပြခဲ့ပါတယ်။

သူက “နျူကလီးယားစွမ်းအင်ကို စိုက်ပျိုးရေးကဏ္ဍမှာ တိုးချဲ့အသုံးပြုခြင်းဖြင့် ငြိမ်းချမ်းတဲ့နျူကလီးယားနည်းပညာ အသုံးပြုမှုမှာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို ခိုင်မာစေနိုင်တယ်ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံလုပ် Hualong One ဓာတ်ပေါင်းဖိုကို အသုံးပြုထားတဲ့ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ နျူကလီယားစွမ်းအင်စက်ရုံ အမှတ်(၃) ဟာ စတင်လည်ပတ်ခြင်းမပြုခင်မှာဘဲ သူ့ရဲ့ နောက်ဆုံး စမ်းသပ်မှုတွေကို ပြီးစီးခဲ့တယ်လို့ South China Morning Post သတင်းမှာဖော်ပြခဲ့ပါတယ်။

တရုတ်-ပါကစ္စတန် အာကာသ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ဂြိုလ်တုလွှတ်တင်မှုတွေ ပါဝင်ပြီး ပါကစ္စတန် အာကာသယာဉ်မှူးတွေကို ၂၀၂၆နှစ် ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အာကာသစခန်းကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ အစ်ဘယ်လ်က ပြောခဲ့ပါတယ်။

“နောက်ဆိုရင် တရုတ်အကူအညီနဲ့ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမယ့် လပေါ် ဆင်းသက်ဖို့ လဆင်းယာဉ်တစ်စီးကို လွှတ်တင်သွားမှာပါ။ ပါကစ္စတန်သည် ၂၀၃၅ ခုနှစ်နောက်ဆုံးထားပြီး လပေါ် ဆင်းသက်ဖို့ ရည်မှန်းထားပြီး ဒီနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကြိုးပမ်းနေပါတယ်” လို့ အစ်ဘယ်လ်က ဆက်လက်ပြောခဲ့ပါတယ်။

အစ်ဘယ်လ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သူက အနောက်တောင်ပိုင်း စီချွန်ပြည်နယ်၊ ရှီချန် ဂြိုလ်တုလွှတ်တင်ရေးစင်တာကနေ Pakistan Remote Sensing Satellite-1 ကို ဇူလိုင် ၃၁ ရက်က လွှတ်တင်တာကို မြင်တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

Re , SCMP

မူရင်းသတင်း — Myanmar Transparency News