Myanmar Transparency News

အမှိုက်ကန်မှာ ထမီနဲ့ထုပ်ပြီး စွန့်ပစ်ထားတဲ့ အချင်းအိတ်တန်းလန်းပါလျက်သား မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်း ဗဟန်းမှာ ဒီမနက် တွေ့ရှိ

၉ .၈. ၂၀၂၅
Written by Hey Mar

အမှိုက်ကန်မှာ ထမီနဲ့ထုပ်ပြီး စွန့်ပစ်ထားတဲ့ အချင်းအိတ်တန်းလန်းပါလျက်သား မွေးကင်းစ ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၉ ရက် မနက် ၉ နာရီကျော်အချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မေတ္တာစေတနာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်က ဗဟန်းမြို့နယ်၊ မဟာစည်သာသနရိပ်သာလမ်း၊ အမှိုက်ကန်မှာ တွေ့ရှိဖြစ်ပွားခဲ့တာဖြစ်ပြီး စည်ပင်က ဝန်ထမ်းတွေ အမှိုက်အစို၊ အခြောက်၊ ပလုံအတွက် ပြန်ခွဲဖို့ အမှိုက်တွေ ဖွင့်ဖောက်ရာကနေ ကလေးရုပ်အလောင်းကို တွေ့ရှိပြီး သက်ဆိုင်ရာကို ဆက်သွယ်အသိ‌ပေးလို့ သက်ဆိုင်ရာက စစ်ဆေးမှုတွေအပြီး လူမှုကူညီရေးအသင်းကို ရုပ်အလောင်း လာ‌ရောက်သယ်ယူ‌ပေးဖို့ စီစဉ်ညွှန်ကြားတာလို့ သိရပါတယ်။

မေတ္တာ စေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကလေးအလောင်းက ယောက်ျားလေးအလောင်းပါ။ ညကတည်းက စွန့်ပစ်သွားပုံရတယ်။ ပုပ်နေပြီဆိုတော့။ ထမီနဲ့ ပတ်ပြီး အိတ်နဲ့ထည့် စွန့်ခဲ့တာ။ အဲ့ဒီပုံထဲက ခြင်းတွေ ဘာတွေက စည်ပင်က ထည့်ပေးထားတာ” လို့ MT News ကို ပြောပါတယ်။

လာရောက်စွန်ပစ်ထားတဲ့ ရက်သားအရွယ် ကလေးရုပ်အလောင်းကို ဗဟန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးတာတွေ ဆက်လက် လုပ်ဆောင်နေပြီး လူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကနေတဆင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News