Myanmar Transparency News

“ဝ”ဒေသ၊ မိုင်းပေါက်က မြေရှားသတ္တုလုပ်ကွက် မြေပြိုကျလို့ လုပ်ငန်းရှင် သေဆုံး

၁၂.၈.၂၀၂၅
Writte By Zun

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့၊ ဟိုတောင်းကျေးရွာအနီးရှိ မြေရှားသတ္တုလုပ်ကွက်တစ်ခုတွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်က မြေပြိုကျမှုဖြစ်ပွား၍ လုပ်ငန်းရှင်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြေရှားသတ္တုလုပ်ကွက်အတွင်းက အဆိုပါ အလုပ်ရှင်အမျိုးသား မော်တော်ယာဉ်မောင်းနှင်၍ ပြန်ထွက်လာစဉ် မြေပြိုကျလာကာ မော်တော်ယာဉ်မှာ မြေများနှင့်အတူ ရောပါနစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်ယန္တရားများအသုံးပြု၍ ကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ကြသော်လည်း အခင်းဖြစ်ပြီး နောက်တစ်ရက် သြဂုတ်လ ၁၀ ရက်တွင် သေဆုံးလျက်သာပြန်တွေ့ခဲ့ရကြောင်း သိရသည်။

“မြေပြိုကျလာတော့ သူက ကားမောင်းလာတာ။ မြေအလျင်က ပြင်းတော့ ကားရောလူပါ ပါသွားတာ။ တစ်ည ကြာပြီးမှ ပြန်တွေ့တော့ အသက်မရှိတော့ဘူးလေ။ကားကိုလည်း ပြန်တွေ့တယ်။ လူရောကားရောပေါ့။ လူလည်းသေတယ်။ ကားလည်း ရစရာမရှိ ပျက်သွားတယ်”ဟု အဆိုပါ သတင်း ရင်းမြစ်က MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News