Myanmar Transparency News

နေအိမ်ထဲမှာ အမျိုးသမီးကြီးတစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပုပ်မှလူသိ

၁၃.၈.၂၀၂၅
Written by Hey Mar

အမျိုးသမီးကြီးတစ်ဦး နေအိမ်ထဲမှာ ‌ သေဆုံးနေတာကို ပုပ်မှ သိရရှိရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၃ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတာက မိတ္ထီလာမြို့၊ ပြည်သာယာ (တောင်)ရပ်ကွက်၊ (၆)လမ်းက နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သေဆုံးသူက အသက် (၆၀) ဝန်းကျင် အရွယ်ဖြစ်ပြီး နေအိမ်မှာတစ်ဦးတည်း နေထိုင်ကာ ထိုးသွင်း ဒဏ်ရာအများအပြားနဲ့ သေဆုံးနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကဆိုပါတယ်။

အခင်းဖြစ်ရပ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ရောက်ရှိချိန်မှာ အလောင်းက ပုပ်နေပြီဖြစ်ကာ နေအိမ်ဧည့်ခန်း TV ရှေ့မှာ သေဆုံးနေတာဖြစ်ပြီး TV ကလည်း ဖွင့်လျက်သားအနေအထားရှိနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါအမှုကို မိတ္ထီလာ အမှတ် (၃) ရဲစခန်းက ကိုင်တွယ်နေပြီး အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် မသင်္ကာသူတွေ စခန်းကို ခေါ်ယူ စစ်ဆေးလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News