Myanmar Transparency News

Royal Express အမြန်ချောပို့ယာဥ် အရှိန်လွန်တိမ်းမှောက်၍ လိုက်ပါလာသူနှစ်ဦး ဒဏ်ရာရမှု အမြန်လမ်းတွင် ဖြစ်ပွား

၁၈.၈.၂၀၂၅
Written by KL

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မန္တလေး-နေပြည်တော်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၄၆/၃ နှင့် ၂၄၆/၄ ကြားတွင် ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် ၁ နာရီခန့်က Royal Express အမြန်ချောပို့ယာဥ်တစ်စီး ယာဥ်မောင်းအိပ်ငိုက်၍ အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားကာ လိုက်ပါလာသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားက မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ISUZU Van အမျိုးအစား Royal Express အမြန်ချောပို့ယာဥ်တစ်စီးမှာ ယာဥ်မောင်းအိပ်ငိုက်ရာက အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းယာဥ်ကြောပေါ်တွင် တိမ်းမှောက်ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့်အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်းတွင် ညာတံတောင်ဆစ်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ညာလက်ကောက် ဝတ်ပွန်းပဲ့ဒဏ်ရာနှင့် အသက် ၂၅ နှစ်အရွယ် ယာဥ်နောက်လိုက်တွင် ဘယ်နဖူး၊ ဘယ်လက်တံတောင်ဆစ်ပေါက်ပြဲဒဏ်ရာနှင့် ညာလက်ခုံ၊ ဘယ်လက်အောက်၊ ညာလက်သူကြွယ်သွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာဥ်တိမ်းမှောက်မှုကြောင့် ရှေ့လေကာမှန်ကွဲအက်ကာ၊ ဘယ်ဘက်တံခါးမှန်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News