Myanmar Transparency News

နှစ်ရက်ကြာ ပျောက်ဆုံးနေသော လေဖြန်းနေသည့်အမျိုးသား၏ ရုပ်အလောင်းကို ရေမြောင်းအတွင်း ပြန်တွေ့ရမှု ထားဝယ်တွင် ဖြစ်ပွား

၂၅. ၈.၂၀၂၅
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မြို့သစ် (၈)လမ်းနှင့် (၂) လမ်းထောင့်ရှိ ရေ​မြောင်းတွင် သြဂုတ်လ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်က နှစ်ရက်ကြာ ပျောက်ဆုံးနေသော အမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆယ်ယူပေးခဲ့သည့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ သင်္ဘောဆိပ်ရပ်ကွက်တွင်​နေထိုင်သော အသက် ၃၇ နှစ်အရွယ် ကိုမိုးဦးဖြစ်ပြီး လေဖြန်းထားသူဖြစ်ကာ သြဂုတ်လ ၂၂ ရက်နေ့က ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူတွင် ပြင်ပဒဏ်ရာမရှိဘဲ ရေမြောင်းအတွင်း ရေနစ်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသား၏ ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်များက ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နှင့် ၂၁ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ ကြက်စာပြင်ရပ်ကွက်အနီး ထားဝယ်မြစ်တွင် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့​ကြေင်း ဆယ်ယူခဲ့သူများထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News