Myanmar Transparency News

ငါးကွမ်းရှပ်တင်လာသည့်ငါးကား လမ်းဘေးအတားအဆီးကို အရှိန်နှင့် ဝင်တိုက်ရာက မြန်မာလုပ်သား ပြုတ်ကျသေဆုံးမှု ထိုင်းနိုင်ငံတွင် ယနေ့ ဖြစ်ပွား

၃၁. ၈. ၂၀၂၅
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဆူရတ်သာနီပြည်နယ်၊ ဗီဟာဗာဒီ ခရိုင်အတွင်း ဗီဟာဗာဒီ ရန်ဆစ် လမ်းမပေါ်ရှိ Tollway ဂိတ်အနီးတွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့က အသက် ၃၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ငါးကွမ်းရှပ်တင် ပစ်ကပ်ကားပေါ်မှ ပြုတ်ကျခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။

အဆိုပါ မတော်တဆမှုကြောင့် ငါးကွန်းရှပ်များပါသော ဖာများ လမ်းမပေါ်တွင် ပြန့်ကျဲနေသည်ကိုလည်း တွေ့ရပြီး ရုပ်သံများအရ အရှိန်ဖြင့်မောင်းလာသော ထိုကားသည် Tollway အနီးမရောက်ခင် အရှိန်ဖြင့် တစ်ပတ်လည်ကာ လမ်းဘေးအတားအဆီးများ ဝင်တိုက်မိသည်ကိုလည်း တွေ့ရသည်။

​ဗီဟာဗာဒီရဲစခန်းမှ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ Tollway ဆင်းသည့် လမ်းကွေ့ရှိ လမ်းဘေးအတားအဆီးကို ဝင်တိုက်မိခဲ့ရာ ညာဘက်နောက်ဘီးရိုး ကျိုးပြီး ဘီးပြုတ်ထွက်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မြန်မာအလုပ်သမားသည် ကားပေါ်မှ အောက်ဘက်လမ်းမပေါ်သို့ လွင့်စင်ကျခဲ့ကာ ​သေဆုံးခဲ့ရခြင်းဖြစ်သည်။

​ကားမောင်းသူနှင့် အခြားအလုပ်သမားလေးဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

Ref, Khaosod

မူရင်းသတင်း — Myanmar Transparency News