Myanmar Transparency News

မန္တလေးမှာ ဆီဘောက်ဆာယာဉ် စားသောက်ဆိုင်ကို ဝင်တိုက်လို့ မီးလောင်ကျွမ်းကာ လူသုံးဦးသေဆုံး

၁.၉.၂၀၂၅
Written by Hey Mar

စားသောက်ဆိုင်ကို ဆီဘောက်ဆာယာဥ် အရှိန်နဲ့ဝင်ရောက်တိုက်မိကာ ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့  လူသုံးဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ပူးပေါင်းပါဝင်ခဲ့တဲ့ မဏိစလလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက ကောင်းကောင်းနန်းတော် စားဥယျာဉ်ကို ဒီနေ့ စက်တင်ဘာလ (၁)ရက်နေ့ မနက် ခုနစ်နာရီ ဝန်းကျင်အချိန်က ဆီဘောက်ဆာယာဉ်ဝင်တိုက်ပြီး ပေါက်ကွဲ မီးလောင်ကျွမ်းခဲ့တာလို့ ကနဦး သိရှိရကာ ဆိုင်အတွင်း မနက်ခင်းစားသုံးသူတွေနဲ့ စည်ကားချိန်မို့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားတယ်လို့ သိရပါတယ်။ 

မီးလောင်မှုအတွင်း သေဆုံးသူတွေကတော့ ဆီဘောက်ဆာပေါ်ကလား၊ စားသောက်ဆိုင်ကလားဆိုတာကို ခွဲခြားအတည်မပြုနိုင်သေးဘူးလို့လည်း မဏိစလ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အစအဆုံးကို မြန်မာနိုင်ငံမီးသတ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ တစ်နာရီနီးပါးအကြာ အသင်းက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ရပြီး မီးငြိမ်းသွားချိန် မြေပြင်ရှင်းလင်းရာကနေ ရုပ်အလောင်းသုံးလောင်း ကနဦးတွေ့ရှိတာကြောင့် လူမှုကူညီရေးအသင်းကားနဲ့တင်ဆောင်ပြီး မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News