Myanmar Transparency News

ဒဂုံဆိပ်ကမ်းရှိ နေအိမ်နှစ်လုံးမီးလောင်မှု အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေထွန်းထားရာမှ မီးစလောင်သည်ဟု စစ်ဆေးတွေ့ရှိ

၃.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇) ရပ်ကွက်၊ ကမ်းနားလမ်းတွင် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီ ၂၈ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော နေအိမ်နှစ်လုံး မီးလောင်မှုမှာ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေထွန်းထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲ ပုလင်းနဲ့ထွန်းရာကနေ ခြင်ဆေးခွေ ပြုတ်ကျပြီး အနားက အဝတ်တွေပေါ် ကျရင်း မီးလောင်တာပါ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

အဆိုပါ ၂၂ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ အထပ်သားကာ ကွန်ကရစ်ခင်း နေအိမ်နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့်အတူ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၅၁ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်နှစ်လုံးမီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးကြီးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅​ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News