Myanmar Transparency News

TikTok ဆော့သည့် စစ်ဘေးရှောင် ရဟန်းတစ်ပါးကို လူဝတ်လဲကာ ဖမ်းဆီး အရေးယူ

၈.၉.၂၀၂၅
Written By Zun

မန္တလေးမြို့တွင် TikTok ဆော့ကစားသည့် စစ်ဘေးရှောင် ရဟန်းတစ်ပါးအား လူဝတ်လဲ ဖမ်းဆီး အရေးယူမှု ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ကန်းဝတ်မှာ TikTok တွင် အချစ်သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ်၊ သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြား လျှောက်ထားသောကြောင့် ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့က သွားရောက်ဖမ်းဆီး၍ လူဝတ်လဲစေကာ အရေးယူထားခြင်းဖြစ်သည်။

ထိုဖြစ်စဥ်အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သာ/ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များက အဆိုပါ TikTok ဆော့ကစားသည့် သင်္ကန်းဝတ် နေထိုင်ရာ ကျောင်းတိုက်အတွင်းရှိ ကျောင်းသို့ သွားရောက်ခဲ့ကြကာ သာသနာတော်ညှိုးနွမ်းစေမှုအတွက် စစ်ဆေးအရေးယူမှု လုပ်ဆောင်ခဲ့ကာ တာဝန်ရှိသူများက ဆက်လက်အရေးယူရန် ခေါ်ဆောင်သွားကြောင်းလည်း ကနဦး သိရသည်။

TikTook ဆော့ကစားသည့် ရဟန်း၏ဘွဲ့အမည်မှာ သုန္ဒရ (လူအမည်) ကျော်စိုးဦး ဖြစ်ပြီး သက်တော် (၄၁)နှစ်၊ သိက္ခာ(၄)ဝါရှိကြောင်း၊ စစ်ဘေးရှောင်ပုဂ္ဂိုလ်အဖြစ် ကျောင်း၌ တည်းခို ဝါဆိုနေခြင်းဖြစ်​ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ပြီးခဲ့သည့် ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် နေ့စွဲဖြင့် Tik Tok ၊ FaceBook စသည့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ရဟန်းသံဃာ၊သာမဏေနှင့် သီလရှင်များ ကခြင်း၊ သီဆိုခြင်းစသည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများပြုလုပ်ပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News