Myanmar Transparency News

စက်ဘီးနဲ့ စက်ရုံဆင်းတဲ့ အမျိုးသမီးတစ်ဦး YBS နဲ့ တိုက်ကြိတ်မိလို့ သေဆုံးမှု လှိုင်သာယာမှာဖြစ်ပွား

၁၆.၉.၂၀၂၅
Written by Hey Mar

စက်ရုံဖယ်ရီကား‌တွေ၊ စက်ဘီးစီးပြီး စက်ရုံဆင်းတဲ့လုပ်သားတွေ၊ ဘေးတွဲဆိုင်ကယ်၊ ဆိုင်ကယ်နဲ့ YBS ကားတွေအပါအဝင် မနက်အစောပိုင်းဆို ရှုပ်ထွေးနေတတ်တဲ့ လှိုင်သာယာမြို့နယ်ရဲ့ ကားလမ်းမပေါ်မှာ ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က စက်ဘီးနဲ့စက်ရုံဆင်းတဲ့ အမျိုးသမီးတစ်ဦးကို YBS က ဝင်ရောက်မိလို့ နေရာတင်သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရွှေလှိုင်သာယာ လူမှုကွန်ရက်အဖွဲ့ ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရွှေရင်အေးကျောင်းလမ်းထိပ်မှာ YBS ၇၉ ယာဉ်နဲ့ စက်ဘီးတစ်စီး မတော်တဆတိုက်မှုဖြစ်ပွားပြီး စက်ဘီးစီးလာသူ အသက် ၃၀ ကျော်အရွယ် စက်ရုံအလုပ်သမားအမျိုးသမီးတစ်ဦး ‌ဦးခေါင်းကွဲကြေ၊ ဦးနှောက်ထွက်ဒဏ်ရာတွေ ရရှိကာ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေ လှိုင်သာယာပရဟိတ ကွန်ရက်မှ တာဝန်ရှိသူက “သေဆုံးသူ အမျိုးသမီးက ထမင်းချိုင့်တွေလည်းပါတယ်။ ဘယ်စက်ရုံကဆို‌တာတော့ မသိဘူး။ လှိုင်သာယာမှာက စက်ဘီးတွေကလည်း ရှေ့နောက်မကြည့်ဘူး။ မတိုက်ပါဘူး။ မတိုက်ရဲဘူးပေါ့။ စွတ်နင်းကြတာ။ ကားတွေကလည်း လမ်းရှင်းရင် ရှင်းသလို မောင်းကြတာ။ အခုလည်း စက်ဘီးက ရှေ့နောက်မကြည့်ဘဲ ဖြတ်ကွေ့တာတွေ၊ လမ်းပေါ်တက်တာတွေ လုပ်လိုက်ပုံရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

တိုက်တဲ့ YBS  ယာဉ်မောင်းမှာ တိမ်းရှောင်သွားပြီး သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ ပရဟိတအသင်းကပဲ‌ လမ်းပေါ်ကနေ ရှင်းလင်းကောက်ယူကာ လှိုင်သာယာဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး မိသားစုကိုလည်း ဆက်သွယ်ရှာဖွေ ခေါ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News