Myanmar Transparency News

တွဲကားတစ်စီးက ဆိုင်ကယ်ကိုတိုက် ချိတ်ကာ ကြိတ်မိလို့ ဆိုင်ကယ်မောင်းသူ နေရာတင်ဆုံးပါးပြီး တွဲကားမှာ မောင်းပြေးသွား

၁၇.၉.၂၀၂၅
Written by Hey Mar

တွဲကားတစ်စီးက  ဆိုင်ကယ်ကို တိုက်ချိတ်ကာ ကြိတ်မိလို့ ဆိုင်ကယ်မောင်းသူ နေရာတင်ဆုံးပါးပြီး တွဲကားမှာ မောင်းပြေးသွားတဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်မန်းလမ်း၊ စက်မူပန်းခြံအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ရွှေမဉ္ဇူလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်ပြေးခံရသူ အမျိုးသားမှာ ခန့်မှန်းခြေ အသက် ၃၀ ခန့်ရှိနိုင်ပြီး နံပါတ် ၅၈ ယ/၄၉၈၄၄ Wave 125 ဆိုင်ကယ် အနက်ရောင်ကို မောင်းနှင်စီးနင်းလာတာလို့ ဆိုပါတယ်။

တိုက်ကြိတ်မိတဲ့ဖြစ်စဉ်ကြောင့် လူပုံပန်းပျက်သွားတဲ့အတွက် မိသားစုဝင်တွေရှာဖို့ အခက်အခဲရှိနေပြီး တခြားအချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရဘူးလို့ ရွှေမဉ္ဇူပရဟိတ အသင်းတာဝန်ရှိသူက ဆိုပါတယ်။

“ကျွန်တော်တို့လည်း လိုင်းပေါ်မှာ အခုရထားတဲ့ အချက်အလက်အတိုင်း အကုန်တင်ပေးထားပါတယ်။ သက်ဆိုင်ရာ ရဲဘက်ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။ အခုထိတော့ ပိုင်ရှင်မဲ့ဘဲ။ ဘယ်သူမှ လာမဆက်သွယ်သေးဘူး။ ရဲလုပ်ငန်းစဉ်ရှိနေသေးတော့ မသင်္ဂြိုလ်ရသေးပါဘူး” လို့ ရွှေမဉ္ဇူပရဟိတ အသင်းတာဝန်ရှိသူထံ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ယာဉ်တိုက်ပြေးခံရသူအမျိုးသားရဲ့ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရေခဲတိုက်ကို  ပို့ဆောင်ထားပြီး ဆုံးပါးသူရဲ့ ညာဘက်လက် တံတောင်ဆစ်အောက်မှာ ရောမစာလုံးတက်တူးထိုးထားပြီး သိရှိသူများအနေဖြင့်  ရွှေမဉ္ဇူအသင်း ဒါမှမဟုတ် ဆေးရုံကြီး ရင်ခွဲရုံမှာ သွားရောက်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News