Myanmar Transparency News

ကြက်ဘဲဈေးဆီ ဈေးကြိုအပြိုင်မောင်းလာပုံရတဲ့ ကုန်တင်ကန်တာယာဉ်သုံးစီးမှာ ဈေးနားအရောက် အရှိန်လွန်ကာ သုံးစီးဆင့်တိုက်၊ နှစ်ဦးသေ သုံးဦးဒဏ်ရာရ

၂၃.၉.၂၀၂၅
Written by Hey Mar

ကြက်ဘဲဈေးဆီ ဈေးကြိုအပြိုင်မောင်းလာပုံရတဲ့ ကုန်တင်ကန်တာယာဉ် သုံးစီးမှာ ဈေးနားအရောက် အရှိန်လွန်ကာ သုံးစီးဆင့် တိုက်မိတာကြောင့် ယာဉ်အသီးသီးပေါ် လိုက်ပါသူ ငါးဦးအနက် တစ်ဦး နေရာတင်သေဆုံးကာ ဆေးရုံအရောက် နောက်တစ်ဦးသေဆုံးပြီး ကျန်သုံးဦးက စောင့်ကြည့်ကုသဆဲ အခြေအနေလို့ ဖြစ်စဉ်ကို မြေပြင်အကူအညီရောက်ရှိတဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၅ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်အတွင်း လူညပ်နေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး ကယ်ဆယ်ရေး ထွက်ခွာ‌ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာအရောက် ကားအတွင်းညပ်နေတဲ့ လူနာကို မနက် ၄ နာရီ ၃၅ မိနစ်မှာ ကယ်ထုတ်ပြီးစီးခဲ့ပြီး အချိန်မီဆေးရုံတင်ပို့ခဲ့ပေမယ့် ရရှိခဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူနာတွေကို သွားရောက်ကူညီသယ်ဆောင်ခဲ့တဲ့ ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ဘယ်လို ဘယ်ပုံ တိုက်ကြလဲတော့ မသိပါဘူး။ ပြိုင်မောင်းလာပုံရတယ်။ အရှိန်တော့ အတော်ပြင်းတယ်။ အလယ်က အစီးက လူက ကားပေါ်က လွင့်ကျပြီး နေရာတင်သေတယ်။ နောက်နှစ်ဦးက ကားထဲညပ်နေတာကို မီးသတ်တပ်ဖွဲ့တွေ အချိန်မီကူညီကယ်ထုတ်ပေးတယ်။ ကျွန်တော်တို့လည်း အမြန်ဆေးရုံတင်ပို့ပေမယ့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားပါတယ်။ ကျန်လူနာ သုံးဦးထဲကလည်း တစ်ဦးပဲ အဝါအရောင်အဆင့်ပေါ့။ ဒါလည်း စစ်ဆေးရင် ဘယ်လို ဖြစ်မယ် မသိသေးဘူး။ အရှိန်က တအားပြင်းပြင်း တိုက်ထားတော့ ခန္ဓာကိုယ်ပြင်ပ မထိပေမယ့် အတွင်းမှာ ဘယ်လိုထိတယ် မသိနိုင်ဘူး။ စစ်ဆေးမှ သိရမှာ” လို့ ဖြစ်စဉ်ကို MT News က ဆက်သွယ်မေးမြန်းရာမှာပြန်လည်ဖြေကြားပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို တာမွေကွန်ရက် ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေး ပရဟိတအသင်းမှ သူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News