Myanmar Transparency News

လုံခြုံ‌ရေးတာဝန်ပြီးလို့ ဂျူတီထွက်လာတဲ့ ဝန်ထမ်းအမျိုးသားကြီးတစ်ဦး ယာဉ်တိုက်ပြေးခံရလို့ နေရာတင် သေဆုံး

၃၀.၉.၂၀၂၅
Written by Hey Mar

လုံခြုံ‌ရေးတာဝန်ပြီးလို့ ဂျူတီထွက်လာတဲ့ ဝန်ထမ်းအမျိုးသားကြီးတစ်ဦး ယာဉ်တိုက်ပြေးခံရလို့ နေရာတင် သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က ရန်ကုန်မြို့ တာမွေ အခွန်လွတ်စျေးရှေ့ (အာယုဆေးရုံအနီး)မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါ အမျိုးသားကြီးမှာ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ် ဦးကျော်ကျော်ဦးလို့ သိရပြီး သူ့ဂျူတီကနေ အိမ်ကို ဘတ္ထရီစက်ဘီးစီးပြီးအပြန်မှာ ဖြစ်တယ်လို့ယူဆရကြောင်း မစီဒီးခါန်း လူငယ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

အသင်းတာဝန်ရှိသူက “ကားက တိုက်ပြေးသွားတာပါ။ ကျွန်တော်တို့ရောက်တော့ လူနာက ကာလာပြောင်းနေခဲ့ပြီ။ ကားက သူ့ကို တိုက်ပြီး ချိတ်သွားလို့ သူက ပါသွားတာ။ စက်ဘီးက ခပ်ဝေးဝေးမှာ ကျန်ခဲ့တာ” လို့ MT News ကို ပြောပါတယ်။

အဆိုပါ သေဆုံးသူကို တာမွေအခြေစိုက် မိုးပရဟိတ အသင်းနဲ့ မစီဒီးခါန်းလူငယ် လူမှုကူညီရေးအသင်းတို့မှ စံပြဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့ကာ မိသားစု ချိတ်ဆက်နိုင်ရေးပါ ကြိုးစားပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News