Myanmar Transparency News

အမျိုးသမီးနှစ်ဦးတည်းငှားလို့ ညနေစောင်းမှာ အငှားလိုက်ပို့တဲ့ မီနီအိုးဝေ၊ လမ်းခုလတ်မှာ အခြားအမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့လိုက်ပါလာပြီး အိုးဝေပေါ်ပါအမျိုးသမီးတွေနဲ့အချိန်းအချက်ပြုကာ ဓားနဲ့အန္တရာယ်ပြု လုယက်သွားမှု မန္တလေးမှာ ဖြစ်ပွား

၉.၁၀.၂၀၂၅
Written by Hey Mar

အမျိုးသမီးနှစ်ဦးက အိုးဝေငှားလို့ အငှားလိုက်သွားစဉ် လမ်းမှာ အခြား အမျိုးသားတစ်ဦးနဲ့ ချိတ်ဆက် ဆက်သွယ်ကာ ဓားနဲ့အန္တရာယ်ပြုလုယက်သွားလို့ အိုးဝေ အပါအဝင် ငွေနဲ့ လက်ကိုင်ဖုန်းပါ ပေးလိုက်ရတဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၈ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမီနီအိုးဝေဂရုမှ တာဝန်ရှိသူထံက သိရပါတယ်။

ဖြစ်စဉ်က မနေ့က ညနေ ၆ နာရီအချိန်ခန့်မှာ
ဦးပိန်တံတားအနီး ဗူးဘုရားနားကနေ အသက် ၄၀ ခန့်အမျိုးသမီး နှစ်ဦးမှ လက်ကောင်းကျေးရွာဆီ ပို့ပေးပါရန် လာ‌ရောက်ငှားရမ်းတဲ့အတွက် ကျသင့်ဈေးပြောပြီး တင်ဆောင်မောင်းနှင်လာခဲ့ကြောင်း၊ ၄၄ လမ်းအတိုင်း အရှေ့ဘက်ကို မောင်းနှင်လာရင်း ပန်းဈေး (ယခင်ဘီးခွန်ကောက်ရာ မြောင်းဘောင်နား) အနီးအရောက်မှာ အိုးဝေငှားလာတဲ့ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးက အပေါ့သွားချင်တာ‌ကြောင့် ခဏရပ်ပေးဖို့ ပြောလာလို့ လူရှင်းရာ‌ နေရာမှာ ရပ်ပေးခဲ့‌ကြောင်း၊ အဲ့ဒီ‌အချိန် အိုးဝေအနောက်က ဆိုင်ကယ်နဲ့ လိုက်ပါလာတဲ့ အမျိုးသားတစ်ဦးက အသင့်ပါလာတဲ့ ဓားနဲ့ အိုးဝေယာဉ်မောင်းကို ထိုးတာကြောင့် လက်နဲ့ ဖမ်းကိုင်ကာ တားဆီးရာက လက်မှာ ဓားဒဏ်ရာရရှိခဲ့ပြီး
ယာဉ်‌မောင်းဖြစ်သူရဲ့ လွယ်အိတ်ကို လုယူသွားခြင်းခံခဲ့ရကာ အဆိုပါ ပူးပေါင်းလုယက်သူ အိုးဝေအငှား အမျိုးသမီးနှစ်ဦးနဲ့ ဆိုင်ကယ်နဲ့လိုက်လာသူ အမျိုးသားတို့က “အားလုံးပေးခဲ့ဖို့နဲ့ မပေးပါက အသေ သတ်မယ်” လို့ ပြောဆိုတာ ကြောင့် အိုးဝေ၊ ဖုန်း၊ ပိုက်ဆံနဲ့ အိုးဝေ‌ ပေါ် ပါလာသမျှ ပစ္စည်းတွေ လုယက်ခံခဲ့ရတာလို့ သိရပါတယ်။

လုယက်သူတွေက အိုးဝေကို အမျိုးသားက မောင်းပြီး အဆိုပါအမျိုးသားစီးလာတဲ့ ဆိုင်ကယ်ကို အမျိုးသမီးနှစ်ဦးက စီးကာ မောင်းနှင်သွားတယ်လို့လည်း ဖြစ်စဉ်ကို မီနီအိုးဝေဂရုမှ တာဝန်ရှိသူထံက‌နေ သိရှိရပါတယ်။

အဆိုပါ အိုးဝေအငှားယာဉ်မောင်းက ဖြစ်စဉ်ကို အုန်းချော ရဲစခန်းမှာ အမှု‌ဖွင့်ထားပြီး MDY-23 U -3933 နံပါတ်နဲ့ မီနီအိုးဝေကို တွေ့ရှိတာ၊ ရောင်းချတာမျိုးရှိခဲ့ပါက ဖုန်းနံပါတ် 09 756 067 914 နဲ့ 09 443 838 385 ကို ဆက်သွယ်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News