Myanmar Transparency News

ဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

၁၂.၁၀.၂၀၂၅
Written By Min Thet

ထိုင်းနိုင်ငံ ဖူးခတ်သို့ အလုပ်လုပ်ရန် တရားမဝင် ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ အလုံပိတ်ကားတစ်စီးကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ခေါင်မင်ဘုန်းကြီးကျောင်းရှေ့ ၌တွေ့ခဲ့စဉ် ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ယင်းတို့အနေဖြင့် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ်အတွင်း ဝင်ရောက်လာခဲ့ပြီး ယင်းက တစ်ဆင့် အလုံပိတ်ကားဖြင့် လိုက်ပါလာရာမှ ကန်ချနဘူရီမြို့သို့ ရောက်ရှိလာချိန်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

အဖမ်းခံရသူများ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် ဖူးခတ်မြို့တွင် အလုပ်သွားလုပ်မည့်သူများ ဖြစ်ကြောင်း ဝန်ခံကြသည့်အတွက် လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။

စစ်ဆေးပြီးပါက ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်၍ မြန်မာနိုင်ငံသို့ အစိုးရချင်း ချိတ်ဆက်၍ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကန်ချနဘူရီခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News