Myanmar Transparency News

စပါးခွံတင်လာသော ၁၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရမှု မှော်ဘီမြို့တွင် ဖြစ်ပွား

၁၅. ၁၀.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်း ၂၇ မိုင် ၆ ဖာလုံတွင် အောက်တိုဘာလ ၁၃ ရက် ည ၁၀ နာရီခန့်က စပါးခွံများတင်လာသော ၁၂ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

“ကားကအရှိန်မထိန်းနိုင်ဘဲ မှောက်တဲ့အချိန် ယာဉ်နောက်လိုက်ကို ကားပိသွားလို့ ဆုံးသြားတာပါ”ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီမြို့မှ ရန်ကုန်ဘက်သို့ စပါးခွံများတင်ဆောင်လာသော MITSUBISHI FUSO အမျိုးအစား အဖြူရောင် ၁၂ ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး ကားအောက်တွင် ပိမိနေခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုတင်အောင်မိုးမှာ သေဆုံးခဲ့ပြီး ကျန်ယာဉ်နောက်လိုက်များဖြစ်ကြသော အသက် ၃၁ နှစ်အရွယ် ကိုသန်းဝင်းတွင် တင်ပါးစုတ်ပြဲဒဏ်ရာနှင့် အသက် ၁၆ နှစ်အရွယ် ကိုပြည်စုံဖြိုးတွင် ဘယ်လက်မောင်းဂျိုင်းဆတ်ပြုတ်ဒဏ်ရာများရရှိခဲ့သဖြင့် မှော်ဘီပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၃၅နှစ်အရွယ် ယာဥ်မောင်း ဦးအောင်အောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၂၇၉ဖြင့် မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News