Myanmar Transparency News

ဆိုင်ကယ်ကို ကား​ဖြင့်ဝင်တိုက်မိပြီးနောက် ကားအောက် ချိတ်ပါသွားသော ဆိုင်ကယ်မောင်းသူအမျိုးသမီးကို လမ်းတွင် ပစ်ချထားခဲ့၍ သေဆုံးရမှု ပုသိမ်ကြီးတွင် ဖြစ်ပွား

၁၆.၁၀.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း၊ မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်မောင်းလာသူအမျိုးသမီးကို ကားဖြင့်ဝင်တိုက်မိချိန် ကားအောက် ချိတ်ပါသွားသည်ကို လမ်းတွင် ပစ်ချခဲ့မှု ယခုညဦး အောက်တိုဘာ ၁၆ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကူညီကယ်ဆယ်ခဲ့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

MT News

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ဆိုင်ကယ်ကျန်နေခဲ့သော်လည်း ဆိုင်ကယ်စီးလာသူ အမျိုးသမီးမှာ ကားအောက်တွင်ပါသွားခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များအပါအဝင် ဒေသခံများက လိုက်လံရှာဖွေခဲ့ရာ သွေးစများကိုသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

တိုက်ပြေးသည့်ကားမှာ အဆုတ်ဆေးရုံအနီးတွင် ခေတ္တရပ်ကာ ကားအောက်ပိုင်းတွင် လူပါလာမှန်းသိသဖြင့် အတိုက်ခံရသော အမျိုးသမီးကို ကားပေါ်တင်ပြေးကာ ကံကောက်အထည်ချုပ်စက်ရုံအနီးတွင် ပစ်ချထားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ပြန်တွေ့တဲ့အချိန် အမျိုးသမီးက အသက်ရှိသေးပေမယ့် တိုက်ပြီးထားခဲ့ရင်တောင် အသက်ရှင်ဦးမှာ။ အခုကတော့ တိုက်ပြီး ကားအောက်ထဲပါသွားတဲ့ အရှိန်ကြောင့် ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးကပြောသည်။

မှတ်ချက်။ သေဆုံးသူအမျိုးသမီး၏ ပုံမှာဆိုးရွားသဖြင့် Website တွင်သာ ကြည့်ရှုပါရန်။

(ဓာတ်ပုံ – နန်းတော်ရှေ့)

မူရင်းသတင်း — Myanmar Transparency News