Myanmar Transparency News

ဒယ်နီအိုးဖြင့်ဟင်းနွှေးပြီး အိပ်ပျော်သွားရာမှ ခေါက်ဆွဲစက်ရုံမီးလောင်၍ လူတစ်ဦးသေဆုံးမှု ရွှေပြည်သာတွင် ဖြစ်ပွား

၂၁.၁၀.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်လမ်းသွယ် (၂)လမ်းတွင် လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းထည့်နွှေးပြီး အိပ်ပျော်သွားရာမှ ဒယ်နီအိုး အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် တစ်ဦးသေဆုံးကာ ခေါက်ဆွဲစက်ရုံ မီးလောင်မှု အောက်တိုဘာလ ၂၀ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၅၀ နီးပါးလောင်ကျွမ်းခဲ့ပြီး အသက် ၇၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းအဘိုးအို မီးလောင်သေဆုံးခဲ့သည့်အပြင် ခေါက်ဆွဲစက်ရုံ၊ ခေါက်ဆွဲဂိုဒေါင်၊ ခေါက်ဆွဲကြိတ်စက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူလုံခြုံရေးအဘိုးအို၏ ရုပ်အလောင်းကို ရွှေမေတ္တာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၁၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ မိနစ်၂၀ အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ခေါက်ဆွဲစက်ရုံ မီးလောင်မှုကြောင့် အသက် ၇၈ နှစ်အရွယ် စက်ရုံလုံခြုံရေးအဘိုးအိုကို ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၀၄ (က)ဖြင့် ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News