Myanmar Transparency News

ရွှေဂုံတိုင်ကုန်းတံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားသော်လည်း တိုက်သည့်ကား မောင်းပြေးသွားမှု ဖြစ်ပွား

၂၂. ၁၀. ၂၀၂၅
Written by Thettant

ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ် ရွှေဂုံတိုင်ကုန်းတံတားအဆင်းတွင် ယနေ့ညပိုင်းကယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးသွား‌ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ရွှေဂုံတိုင်ကုန်းတံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ်၊ ပွင့်သစ်ဆန်း စားသောက်ဆိုင်ရှေ့အနီးတွင် အောက်တိုဘာ ၂၁ ရက် ည ၈ နာရီဝန်းကျင်က လမ်းဖြတ်ကူးနေသည့် မင်္ဂလာဒုံမြို့နယ်နေ မလင်းပြည့်အိမ်(၂၃နှစ်) ကို ကားတစ်စီးက ဝင်တိုက်သွားကာ မောင်းပြေးသွားပြီး မလင်းပြည့်အိမ်မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားသဖြင့် မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့‌သည်ဟု သိရသည်။

ထိုဖြစ်စဥ်တွင် လူမှုကွန်ရက်၌ မလင်းပြည့်အိမ်မှာ ကလောမှ အပြန်ခရီးဖြစ်ဟန်ရှိကြောင်း၊ အခင်း ဖြစ်နေရာတွင် လူတစ်ဦးနှင့် စကားများနေခဲ့ပြီး ထိုလူက ကားမောင်းထွက်သွားပြီးနောက် မလင်းပြည့်အိမ်တစ်ယောက်တည်းကျန်ခဲ့စဥ် ယာဥ်တိုက်ခံရခြင်းဖြစ်ကြောင်း မျှဝေနေကြသည်ကို တွေ့ရှိသော်လည်း MT News က ယခုညသန်းခေါင်တွင် အတည်ပြုနိုင်ခြင်းမရှိချေ။

သို့သော် မလင်းပြည့်အိမ်၏ သူငယ်ချင်းတစ်ဦးကမူ မလင်းပြည့်အိမ်၏ Iris Lynn အကောင့်ကို Tag တွဲကာ “လင်းရယ် …ဘယ်လိုမှ မယုံနိုင်ဘူး ညီမလေးရယ်……ဘဝဆက်တိုင်း အခုလိုအဖြစ်တွေနဲ့‌ ဝေးပြီး ညီမလေးလိုချင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ” ဟု ဆုတောင်းပေးထားသည်ကို တွေ့ရသလို Iris Lynn အကောင့်တွင်လည်း အခင်းဖြစ်စဥ် ဝတ်ထားသော အဝတ်အစားဖြင့် ကလောမြို့သို့အလည်အပတ်ပုံများ တင်ထားသည်ကို တွေ့ရသည်။

မူရင်းသတင်း — Myanmar Transparency News