Myanmar Transparency News

နေအိမ်တွင်ထိုင်နေသည့် သမီးယောက်ဖတော်စပ်သော လက်နက်မဲ့အမျိုးသားကြီးနှစ်ဦးကို PDF ၁၅ ဦးခန့်က ဒလန်ဟု စွပ်စွဲ၍ ကြိုးတုပ်ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွား

နေမိုး
၃၀. ၁၀. ၂၀၂၅

နေအိမ်တွင်ထိုင်နေသည့် သမီးယောက်ဖတော်စပ်သော လက်နက်မဲ့အမျိုးသားကြီးနှစ်ဦးကို PDF ၁၅ ဦးခန့်က ဒလန်ဟု စွပ်စွဲ၍ ကြိုးတုပ်ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားမှု ကံမမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သရက်ချောင်းကျေးရွာအနီး၌ အမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီတွင် သရက်ချောင်းကျေးရွာနေသူများဖြစ်သည့် ဦးတင်ဦး(၅၇)နှစ်နှင့် ၎င်း၏ယောက်ဖဖြစ်သူ ဦးတင်ဌေး(၅၈)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၅ ဦးခန့် ရောက်ရှိလာပြီး “ဒလန်များ” ဟုပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ သရက်ချောင်းကျေးရွာအနောက်ဘက် သုံးဖာလုံခန့်အကွာ ဒေသအခေါ် ကုန်ထုတ်လမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News