Myanmar Transparency News

အိပ်ယာဘေး ခြင်ဆေးခွေထွန်းအိပ်ရာမှ အဘိုးအဘွား ၂ ဦး မီးလောင်သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရမှု ကျိုင်းတုံတွင် ဖြစ်ပွား

၁.၁၁.၂၀၂၅
Written by KL

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ မုတ်စွန်းမိုင်ကျေးရွာတွင် အိပ်ယာဘေး ခြင်ဆေးခွေထွန်းထားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကာ အဘိုးအဘွား ၂ ဦး မီးလောင်သေဆုံးပြီး ကလေးတစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့မှု အောက်တိုဘာလ ၃၀ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

အလျား ၃၀ ပေ၊ အနံ၂၀ ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ခြေတံရှည် တစ်ထပ်နေအိမ်တွင် အိပ်ယာဘေး ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ မွေ့ယာသို့ မီးကူးစက်ကာ နေအိမ်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့သည့်အပြင် အသက် ၇၈ နှစ်အရွယ် ဦးအိုက်လုတ်၊ အသက် ၇၄ နှစ်အရွယ် ဒေါ်အမ်ရှဲန်တို့ မီးလောင်သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မောင်စတင်ဖန်မှာ မီးလောင်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရ​ကြောင်း သိရသည်။

သေဆုံးသူအဘိုးအဘွားနှင့် ဒဏ်ရာရရှိသူ ကလေးကို တိုင်းနေ နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လူနှစ်ဦးသေဆုံးသော နေအိမ်မီးလောင်မှုကြောင့် သေဆုံးသူ ပိုင်ရှင် ဒေါ်အမ်ရှဲန်ကို ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ ဖြင့် ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News