Myanmar Transparency News

ဇနီးဖြစ်သူနဲ့ စကားများရာက ထိုင်းရောက် မြန်မာလုပ်သား အိမ်သာဆေးတဲ့ အက်စစ်ရည်သောက်ကာ အဆုံးစီရင်

၃ .၁၁. ၂၀၂၅
Written by Hey Mar

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်‌နေတဲ့ ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်ရာက  ခင်ပွန်းဖြစ်သူမှာ အိမ်သာဆေး‌တဲ့ အက်ဆစ်ရည် သောက်ကာ အဆုံးစီရင်မှုတစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ ဆေကုသမှုခံယူနေစဉ် သေဆုံးခဲ့ကာ မနေ့က နိုဝင်ဘာ ၂ ရက်နေ့က  ရုပ်အလောင်းကို ထိုင်းနိုင်ငံရှိ လူမှူကူညီ‌ရေးအသင်း‌တွေက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတာက ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ် တောင်ပိုင်း၊ သမာကာ‌ဒေသတွင်းရှိ ပထန်ရပ်ကွက်မှာ တည်ရှိတဲ့ T.F G ကြက်သားရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကွန်လွန်သူ ကိုကျော်ဇေယျာစိုးက အောက်တိုဘာ ၃၀ ရက်နေ့အကုန် ၃၁ ရက်နေ့ ကူးစအချိန် ဆေးရုံပေါ်မှာပဲ ဝေဒနာကြောင့် သေဆုံးခဲ့တာလို့ သိရှိရပါတယ်။ ၎င်းမှာ အထောက်အထားမဲ့ ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်သူမို့ မြန်မာပြည်က ဆွေမျိုးမိတ်ဆွေနဲ့လည်း ဇနီးဖြစ်သူက အဆက်အသွယ်မရှိသလို မသိဘူးလို့ ဆိုပါတယ်။

“ကွယ်လွန်သူက အသက် ၃၀ ကျော်ပါ ။ သူက ထိုင်းကို အောက်လမ်းက တက်လာတာ။ ဒီမှာအိမ်ထောင်ကျနေတာ။ ‌ကျွန်တော်တို့အသင်းကို သူ့ကို သင်္ဂြိုဟ်ပေးဖို့ သူ့အတူနေဇနီးက အကူအညီတောင်းလာတာ။ သူ့ရဲ့မြန်မာပြည်က မိဘ၊ ဆွေမျိုးသားချင်းတွေ သူသေတာကို ဘယ်သူမှ မသိကြမှာစိုးတာ။ သူ့ဇနီးကလည်း နေပြည်တော်၊ သာယာကုန်းကျေးရွာဆိုတာပဲ သိတယ်လို့ ” ဆေးရုံတက်ရောက်စဉ်ကနေ ၊ နာရေးကိစ္စတွေအထိ စီစဉ်ပေးခဲ့တဲ့ ထိုင်းရောက်မြန်မာလုပ်သားချင်း သာရေး နာရေး အကူအညီ‌ပေးနေတဲ့ အားမာန်သစ် အဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ ကိုကျော်ဇေယျာစိုးကို အားမာန်သစ်အဖွဲ့က သူအလုပ် လုပ်နေတဲ့ ကြက်သားစက်ရုံက ဝန်ထမ်းတွေဆီကနေရရှိတဲ့ နာရေးကူညီငွေ ဘတ် ၉၀၀၀ ကျော်နဲ့ နာရေးကိစ္စ အဝဝကို မနေ့က နိုဝင်ဘာ ၂ ရက် ညနေ ၄ အချိန်က စီစဉ်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News