Myanmar Transparency News

မော်ဒယ်အေဂျင်စီအသွင်ယူထားပြီး အထက်တန်း ကျောင်းသူများကို ပြည့်တန်ဆာအဖြစ် ဖျားယောင်းခိုင်းစေသူ ၁၁ ဦးကို ဘန်ကောက်တွင်ဖမ်းမိ၊ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေရသည့် ကျောင်းသူ ၉ ဦးကို ကယ်တင်

သက်တန့်
၃. ၁၁. ၂၀၂၅

ဘန်ကောက်မြို့အနီးဝန်းကျင်တွင် မော်ဒယ်အေဂျင်စီအဖြစ် အသွင်ယူထားပြီး လိင်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျောင်းသူများကို စီစဉ်ပေးသည်ဟုဆိုသော အမျိုးသမီးများအများစုပါဝင်သည့် လူ ၁၁ ဦးကို ရဲတပ်ဖွဲ့က နေရာအနှံအပြားမှ စီးနင်း ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ ရဲ​ဗိုလ်ချုပ် ဝိသယ သီရိပရာစပ်ပါ့က ပြောကြားသည်မှာ တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့ဝင်များက LINE Group Chats များတွင် အထက်တန်းကျောင်းသူများကို လိင်ဝန်ဆောင်မှုအတွက် အခကြေးငွေတောင်းခံ ချိတ်ဆက်သည်ကို ဖော်ထုတ်ပြီးနောက် သံသယရှိများကို နေရာအမျိုးမျိုးမှ ဖမ်းဆီးခဲ့ကြသည်ဟုဆိုသည်။

လိင်ဝန်ဆောင်မှုပေးသည့် Group Chat များတွင် ဝင်ခွင့်အတွက် ဘတ် ၁,၅၀၀ မှ ဘတ် ၂၀,၀၀၀ အထိ ငွေကောက်ခံပြီး ကျောင်းသူများ၏အမည်များ၊ ခန္ဓာကိုယ်ပုံစံ၊ ကျောင်းအမည်များနှင့် ကျောင်းဝတ်စုံဖြင့် ဓာတ်ပုံများပါဝင်သည်ကို ရဲများက ရှာဖွေတွေ့ရှိခဲ့သည်။

“ကျောင်းသူများအများစုဟာ ဘန်ကောက်မြို့အနီးဝန်းကျင်က အထက်တန်းကျောင်းမှာ သင်ကြားနေပြီး အသက် ၁၆ နှစ်ကနေ အသက် ၁၇ နှစ်အတွင်းရှိကြပါတယ်” ဟု ဝိသယက ဆိုသည်။

ရဲတပ်ဖွဲ့အဆိုအရ ကျောင်းသူများက မော်ဒယ်အေဂျင်စီအဖြစ် အသွင်ယူထားသောအဖွဲ့မှ အွန်လိုင်းတွင် ကြော်ငြာထားသော PR ဝန်ထမ်း သို့မဟုတ် ထုတ်ကုန်တင်ဆက်သူအဖြစ် အချိန်ပိုင်းအလုပ်အတွက် အလုပ် လျှောက်ထားခဲ့ကြသည်။ ထို့နောက် Chat group အဖွဲ့ဝင်များအတွက် လိင်ဝန်ဆောင်မှုပေးရန် ဆွဲဆောင်ခံခဲ့ရသည်။ တစ်ကြိမ်လျှင် ဝန်ဆောင်ခ ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ဘတ်အထိရှိပြီး ကျောင်းသူတစ်ဦးလျှင် ပြည့်တန်ဆာအဖြစ် လိင်ဆက်ဆံခ တစ်ကြိမ် ဘတ် ၁၀,၀၀၀ ဘတ်ခန့်ရရှိသည်။

ဖမ်းဆီးခံရသူ ၁၁ ဦးအနက် အဓိကတရားခံအဖြစ် ဖော်ထုတ်ခံရသူ ၂ ဦးမှာ အသက် ၄၉ နှစ်ရှိ ဝီရပေါ်နှင့် အသက် ၂၈ နှစ်ရှိ နတ်ထရီကာ ဖြစ်ပြီး နှစ်ဦးစလုံးက ပြစ်မှုကို ဝန်ခံခဲ့ကြသည်။ ကျန်သော အသက် ၁၉ မှ ၄၂ နှစ်အတွင်းအမျိုးသမီးများသည် စီစဉ်ပေးသူအဖြစ် ပါဝင်ကြောင်း ဝန်ခံခဲ့သော်လည်း ကျောင်းသူများ၏အသက်ကို မသိရှိကြောင်း ထွက်ဆိုခဲ့သည်။

မော်ဒယ်အေဂျင်စီအဖြစ် အသွင်ယူထားပြီး ကျောင်းသူများကို ပြည့်တန်ဆာအဖြစ် စေခိုင်သည့် ပြည့်တန်ဆာခေါင်းများကို တနင်္ဂနွေနေ့က စီးနင်းဖမ်းဆီးမှုများအတွင်း ရဲတပ်ဖွဲ့က ကျောင်းသူ ၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာဥပဒေအရ သက်ဆိုင်သည့် လူကုန်ကူးခံရသူများအဖြစ် သတ်မှတ်ထားသည်။

မူရင်းသတင်း — Myanmar Transparency News