Myanmar Transparency News

ရေစကြို PDF နှစ်ဦးက ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ရဲတပ်သားတစ်ဦးကို ပစ်သတ်ပြီး ကိုယ်ဝန်သည်ဇနီးကို ဖမ်းဆီးခဲ့ဟု Southern YSO PDF ဝန်ခံ

နေမိုး
၅. ၁၁. ၂၀၂၅

ရေစကြို PDF နှစ်ဦးက ရဲတပ်ဖွဲ့ဝတ်စုံဝတ်ပြီး ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီးနောက် ၎င်း၏ ကိုယ်ဝန်သည်ဇနီးကို ဖမ်းဆီးခဲ့သည်ဟု Southern YSO PDF အဖွဲ့ကဝန်ခံထားသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲခန့်က Southern တပ်ပေါင်းစုမှ PDF ၂ယောက်က ရဲတပ်သားအသွင်ယူကာ ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ပြီး ပခုက္ကူ၊ ရေစကြို လမ်းမသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာကာ ပခုက္ကူလေယာဉ်ကွင်းထိပ်တွင် အရပ်ဝတ်ဖြင့်ရှိနေသည့် ရဲတပ်သားဇနီးမောင်နှံအနက် ခင်ပွန်းဖြစ်သူ ရဲတပ်သားကို ပစ်သတ်ပြီး ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို အရှင်ဖမ်းဆီးခဲ့သည်ဟု Southern YSO PDF ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အခင်းဖြစ်ပွားနေရာနှင့် မီတာ ၂၀၀ အကွာမှ ကင်းဂိတ်မှ ပစ်ကူပေးသောအခါ ၄၀ မမ တစ်လုံး ပစ်ခတ်လိုက်ကြောင်းနှင့် Southern YSO PDF ပစ်သတ်လိုက်သူမှာ အသက် ၂၈ နှစ်အရွယ် ရဲတပ်သား ကိုရည်မွန် (လ-၂၈၁၁၆) လုပ်သက် ၆ နှစ်၊ ပခုက္ကူ မြို့မရဲစခန်း တာဝန်ကျသည့် ပခုက္ကူမြို့ဇာတိ နေထိုင်သူဖြစ်ကြောင်း၊ ထိုဖြစ်စဥ်မှ MA1 သေနတ်တစ်လက်နှင့် ဆိုင်ကယ် တစ်စီး လုယက်ခဲ့ကြောင်း ဝန်ခံထားသလိုဖမ်းဆီး ထိန်းသိမ်းထားသော ရဲတပ်သားရည်မွန်၏ ကိုယ်ဝန်ငါးလရှိသူကို စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News