Myanmar Transparency News

အိန္ဒိယရောက် မြန်မာနိုင်ငံသား ချင်းလူမျိုးအချင်းချင်း အရက်သောက်ကာ စကားများရာမှ လည်လှီးသတ်မှုဖြစ်ပွား

သက်တန့်
၆. ၁၁. ၂၀၂၅

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ချင်းလူမျိုးအချင်းချင်း အရက်သောက်ကာ စကားများရာမှ လည်လှီးသတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု မီဇိုရမ်သတင်းဌာနဖြစ်သော ​Bengvarna သတင်းဌာန၏ ယနေ့ သတင်း​ဖော်ပြချက်အရ သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ် ​နိုဝင်ဘာလ ၅ ရက်​၊ ည ၉ နာရီဝန်းကျင်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကိုလာစစ်ခရိုင်၊ ဒီလ်ဇော အိတ်ချ်ကျေးရွာနယ်မြေအတွင်းရှိ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အသက် ၅၅ နှစ်ခန့်အရွယ် ပွီးအာ (Puia) ဆိုသူက သူ၏အလုပ်ဖော် အသက် ၆၀ ခန့်အရွယ် ကီယိုးဗာ(Kiauva) ကို လည်ပင်းလှီးဖြတ် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

Bengvarna သတင်းဌာနနှင့် ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ ပွီးအာနှင့် ကီယိုးဗာ နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသား၊ ချင်းလူမျိုးများ ဖြစ်ကြပြီး စိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။

အခင်း​ဖြစ်ပွားမှုမှာ ​ယမန်နေ့ညက ၎င်းတို့နှစ်ဦးသည် အရက်သေစာ သောက်သုံးရင်း စကားများရန်ဖြစ်ခဲ့ကြသည်။ ​ထိုနောက် ပွီးအာသည် ကီယိုးဗာကို ဓားဖြင့် လည်ပင်းလှီးဖြတ်သတ်ခဲ့သည်။

ပွီးအာသည် ကီယိုးဗာကို လည်ပင်းလှီးဖြတ်သတ်ခဲ့ကြောင်း အနီးရှိ စိုက်ခင်းတွင် အလုပ်လုပ်သူများနှင့် ဒီလ်ဇော အိတ်ချ် ကျေးရွာသားများကို ပြောပြခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများက ​ဘိုင်ရာဘီရဲစခန်းသို့ အကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ပွီးအာကို ဖမ်းဆီးခဲ့ပြီး ကီယိုးဗာ၏ ရုပ်အလောင်းကိုလည်း လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် သယ်ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်အပေါ် မီဇိုရမ်နှင့် ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ပွီးအာကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသော်လည်း ကျူးလွန်သူနှင့် သေဆုံးသူနှစ်ဦးမှာ အိန္ဒိယနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူများ ဟုတ် မဟုတ်ဆိုသည့်အချက်နှင့် စစ်ဘေးရှောင် ဟုတ် မဟုတ် ဆိုသည့်အချက်များကိုမူ ဖော်ပြထားခြင်း မရှိသေးချေ။

Ref : Bengvarna

မူရင်းသတင်း — Myanmar Transparency News