Myanmar Transparency News

ပြည်သူများ သတင်းပေးတိုင်ကြားမှုကြောင့် အောက်တိုဘာလအတွင်း တရားမဝင် ကုန်စည် ကျပ်သန်း ၆၅၀၀ ဖိုးခန့် ဖမ်းမိ၊ ကျပ်သန်း ၁၃၀၀ ခန့်ကို ဆု ပြန်လည်ချီးမြှင့်မည်

MT News
၈. ၁၁. ၂၀၂၅

ပြည်သူများ သတင်းပေးတိုင်ကြားမှုကြောင့် အောက်တိုဘာလအတွင်း တရားမဝင် ကုန်စည် ကျပ်သန်း ၆၅၀၀ ဖိုးခန့် ဖမ်းမိခဲ့ပြီး သတင်းပေးပြည်သူများကို ကျပ်သန်း ၁၃၀၀ ခန့် ဆု ပြန်လည်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း သတင်းမှန် (၄၉)ကြိမ် ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ(၁၁၉)မှု၊ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၇၇ ဒသမ ၁၂၀ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်‌တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားမှုများကြောင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် စက်မှုကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တရားမဝင် သစ်မျိုးစုံနှင့် ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်ပို့/တင်သွင်းမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာ ဆိုးကျိုးသက်ရောက်ခြင်းကြောင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင် တင်ပို့/တင်သွင်းမှုများအား သတင်းပေးတိုင်ကြားရန် ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၇၇ ဒသမ ၁၂၀ သန်း၏ ၂၀ ရာနှုန်း ဖြစ်သောငွေကျပ် ၁၂၉၅ ဒသမ ၄၂၄ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း – ၀၉၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်းနံပါတ်- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News